အစိုးရနှင့် ကေအိုင်အို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ မပါ၀င်သော်လည်း ဆွေးနွေးပွဲ အောင်မြင်ဟု ပြောကြား

အစိုးရနှင့် ကေအိုင်အို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ မပါ၀င်သော်လည်း ဆွေးနွေးပွဲ အောင်မြင်ဟု ပြောကြား
by -
မဇ္စျိမ

အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တွေ့ဆုံဆွေးနွေးခဲ့သော မြစ်ကြီးနားမြို့ ဆွေးနွေးပွဲတွင် အစိုးရ စစ်တပ်ဘက်မှ ထိပ်ပိုင်းခေါင်းဆောင်များ မပါ၀င်သော်လည်း ဆွေးနွေးပွဲမှာနှောင့်နှေးမှု မရှိဘဲ အောင်မြင်ခဲ့သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု-က္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မေ ၁၃ ရက်ဆွေးနွေးပွဲအပြီး တွင် မီဒီယာများကို ပြောကြားသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် စစ်တပ်ဘက်မှ ထိပ်ပိုင်းခေါင်း ဆောင်များ ပါ၀င်မှုမရှိခြင်းကို မီဒီယာများက မေးခွန်းထုတ်ရာတွင် ၀န်ကြီး ဦးအောင်မင်းက ယင်းသို့ပြော ကြားလိုက်ခြင်းဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် တက်ရောက်သည့်အတွက် အဆင် ပြေသည်ဟုလည်း ဆိုသည်။

ထိပ်ပိုင်းခေါင်းဆောင်များ ပါ၀င်မှုမရှိသည့်အတွက် တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ နှောင့်နှေးမှုရှိနိုင်၊ မရှိ နိုင်နှင့် ပတ်သက်ပြီး မဇ်္စျိမက မေးမြန်းရာ ၀န်ကြီး ဦးအောင်မင်းက မရှိနိုင်ဟုပြောပြီး အမှန်တကယ် ထိ ရောက်သူများ ပါသည့်အတွက် ဆွေးနွေးပွဲ တစ်ရက်တည်းနှင့်ပင် ပြီးပြတ်ခဲ့သည်ဟု ဆိုသည်။

စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ မတက်ရောက်ခြင်းနှင့် ပတ်သက်၍ ဦးအောင်မင်းက “ဒီဆွေးနွေးပွဲ ဖြစ် ဖို့က အချိန်တိုအတွင်းမှာ စီစဉ်လိုက်ရတာ။ တကယ်တော့ ဒီမှာ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ပါလာသင့်တာပေါ့။ အခုသူတို့ နိုင်ငံခြားသွားနေတယ်။ ကျွန်တော်တို့က ကပ်ပြီးစီစဉ်ရတော့ ရှိတဲ့သူနဲ့ ထွက်လာရတယ်။ သို့သော်လည်း ဒီမှာ တိုင်းမှူးကြီးကိုယ်တိုင် ပါတယ်။ နယ်မြေအဆုံးအဖြတ်က တိုင်းမှူးကိုယ်တိုင် လုပ်တာ ပါ။ ဒါကြောင့် အဆင်ပြေပါတယ်” ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ် ချုပ်ထွန်းထွန်းနောင်က “တပ်နေရာ ချထားရေး မပြောရသေးဘူး။ ထိတွေ့မှု နည်းပါးမှု လျော့ချရေးပဲ ပြော တယ်။ အရင်လုပ်ရမှာက အပစ်အခတ် လျော့နည်းရေး ပါပဲ” ဟုဆိုသည်။

တပ်မတော်ဘက်က တက်ရောက်လာသူများနှင့် ပတ်သက်ပြီး ကေအိုင်အေ တပ်မဟာ ၁ မှ ဒုတိယ ဗိုလ် မှူးကြီး ဆင်းခေါက “ကျွန်တော်တို့ အနေနဲ့ အစိုးရတက်တယ်။ တပ်မတော်က တက်တယ် ဆိုပြီးတော့မှ အဲလို မယူဆချင်ပါဘူး။ နိုင်ငံတော်အစိုးရဘက်က တာဝန်ပေးလိုက်တဲ့ ဆွေးနွေးရေးအဖွဲ့တွေ တက်တယ် လို့ပဲ မျှော်လင့်ပါတယ်” ဟုဆိုသည်။

ဆွေးနွေးပွဲတွင် စစ်တပ်ဘက် ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် နှင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲကို မေ ၁၃ ရက် နံနက် ၉နာရီခန့်က စခဲ့ပြီး ညနေ ၄ နာရီကျော်တွင် ပြီးဆုံးခဲ့ကာ ပဋိပက္ခညှိနှိုင်းဖြေ ရှင်းရေးအဖွဲ့ ဖွဲ့ရန် သဘောတူညီခဲ့သည်။

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြား ဧပြီလ ၁၀ ရက်မှစ၍ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ ဒုက္ခသည်များ ထပ်မံထွက်ပြေးတိမ်းရှောင်နေရသည်။