ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၀ိန်းဆိုင်မြို့နယ် ကျေးရွာအုပ်စု အနီးတစ်ဝိုက်တွင် မေ ၆ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ပြေးရှောင်သူ ၅၀၀ ကျော်သည် မူဆယ်မြို့၊ နှစ်ခြင်းခရစ်ယာန် ကယ်ဆယ်ရေးစခန်းနှင့် ကက်သလစ် ကယ်ဆယ်ရေးစခန်းတို့တွင် ခိုလှုံနေရသည်ဟု ကယ်ဆယ်ရေးစခန်းများသို့ အကူအညီပေး နေသည့် မေတ္တာအသင်းမှ ဒါရိုက်တာ ကိုဆိုင်းဆောင်ခမ်းက မဇ္ဈိမကို ပြောသည်။
World Food Program မှ စားနပ်ရိက္ခာ ထောက်ပံ့ရန် ဒေသခံအရပ်ဘက် အဖွဲ့အစည်းများကို နှုတ်ကတိ ပေး ပြောဆိုထားသော်လည်း လာရောက်ကူညီမှု မရှိသေးဟု ဆိုသည်။
နေ့စဉ် အစားအစာအား အဓိက ကယ်ဆယ်ရေး စခန်းများဖြစ်သည့် မူဆယ်မြို့နယ်၊ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းနှင့် ကက်သလစ် အသင်းတော်ကျောင်းတို့က ချက်ပြုတ်ကျွေးနေသည်ဟု ဆိုသည်။
“ကျွန်တော်တို့ အဓိက ကူညီထားတာကတော့ Non-Food Item (အစားအစာ မဟုတ်တဲ့ပစ္စည်း) တွေပဲ။ ကျန်းမာရေး ပစ္စည်းတွေ၊ ယာယီအကာတွေ ရွက်ဖျင်တဲ တွေပဲ။ အခုက မိုးဝင်လာပြီဆိုတော့ ရွက်ဖျင်တဲနဲ့ မရတော့ဘူး။ အဆောက်အအုံ ပြောင်းဆောက် ပေးရတော့မယ်၊ ဒါပေမဲ့ ရန်ပုံငွေ မလောက်ငဘူး” ဟု ကိုဆိုင်း ဆောင်ခမ်းက ပြောသည်။
တိုက်ပွဲအဓိက ဖြစ်ပွားခဲ့သည့်နေရာမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ထိစပ်နေသည့် ရှမ်းမြောက်ပိုင်း၊ မုန်းပေါ်မြို့နယ်ခွဲ၊ ၀ိန်းဆိုင်ကျေးရွာ၊ မန်ခမ်း၊ မိုင်းနောင်ကောင်း စသဖြင့် အနီးနားရှိ ကျေးရွာများတွင် ဖြစ် သည်ဟု ကယ်ဆယ်ရေး စခန်းတာဝန်ခံများက ပြောသည်။
ဖြစ်ပွားခဲ့သည့် တိုက်ပွဲနေရာတွင် ယခင်က ပြည်သူ့စစ်များ နေရာဖြစ်သည်ဟု မူဆယ်မြို့နယ်ရှိ အမည် မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက မဇ္ဈိမကို ပြောသည်။
၎င်းကပင် “အရင်က ကွန်မြူနစ်လက်ထက်က ကျန်ခဲ့တဲ့ ပြည်သူ့စစ်တွေ၊ သူတို့နဲ့ ကေအိုင်အေတပ်နဲ့ က တိုက်ပွဲ မဖြစ်ဖူးဘူး ကြာပြီ၊ စီးပွားရေးလုပ်ငန်းပဲ သူတို့က လုပ်တာ၊ အခုနောက်မှ တပ်ကသူတွေ တပ် ကြောင်းချီတယ်၊ နောက်ပိုင်း တိုက်ပွဲဖြစ်တယ်၊ အခုထိလည်း တပ်တွေစွဲထားတယ်” ဟုပြောသည်။
မူဆယ်မြို့ ကယ်ဆယ်ရေးစခန်းများသို့ အကူအညီပေးမှု ပြုနေသည့် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ မခေါန်ဂျာ က “မေလ ၆ ရက်မှာစပြီးတော့ ကေအိုင်အေနဲ့တပ်မတော်ကြား ပစ်ခတ်မှုတွေဖြစ်တာ။ လောလောဆယ် တော့ ၀ိုင်းဝန်းကူညီနေတာပဲ။ ဒါပေမဲ့ မလောက်သေးဘူး” ဟုပြောသည်။
တပ်မတော်နှင့် ကေအိုင်အေတပ်များ အကြား ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်၊ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်၊ ၂၀၁၄ ခု နှစ် ဇန်နဝါရီနှင့် ဧပြီအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် စစ်ပြေးရှောင်နေရသည့် ဒုက္ခ သည် ၆,၀၀၀ ကျော်ကို ထောက်ပံ့နေရမှုများကြောင့် မူဆယ်ကယ်ဆယ်ရေး စခန်းတွင် ထောက်ပံ့နေမှုများ မလုံလောက်မှု များရှိနေသည်ဟု ကိုဆိုင်းဆောင်ခမ်းက ပြောသည်။