မြောက်ဦး ရှစ်သောင်းဘုရားပွဲ မေလ ၁၃ ရက်နေ့ စတင်မည်

မြောက်ဦး ရှစ်သောင်းဘုရားပွဲ မေလ ၁၃ ရက်နေ့ စတင်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်မှ နာမည်ကြီး အထင်ကရ ဘုရားပွဲတော် တစ်ခု ဖြစ်သော မြောက်ဦးမြို့ ရှစ်သောင်းပွဲကို မေလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ (၅) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ယခုနှစ် ရှစ်သောင်း ဘုရားပွဲတော်တွင် ကျေးရွာအလိုက် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ဘော်လုံးပွဲ၊ လှေပြိုင်ပွဲ၊ ရခိုင်ရိုးရာ ကျင်ပွဲများကို ထည့်သွင်း ကျင်းပသွားမည်သာမက ရခိုင်ရိုးရာ အကပဒေသာများ၊ ဇာတ်ပွဲများဖြင့်လည်း ဖြေဖျော်သွားမည်ဟု မြောက်ဦးဒေသခံ ဆရာ ဦးဘလိူင်က ပြောသည်။

narinjara12051404

“ ဘော်လုံးပွဲ၊ ရခိုင်ရိုးရာ ကျင်ပွဲ၊ လှေ (လောင်း) ပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပသွားမယ်။ မြောက်ဦးရိုးရာနဲ့ ဇာတ်အဖွဲ့ကလည်း တစ်ဖွဲ့ နှစ်ရက်စီ ကပြ ဖြေဖျော်သွားကြမယ်။ ရှစ်သောင်း ဘုရားပွဲကတော့ အထူး စည်ကားမယ်လို့ မျှော်လင့်ရပါတယ်” ဟု သူက ပြောသည်။

ကျေးရွာအလိုက် ဘော်လုံးပြိုင်ပွဲတွင် အသင်း(၄၆) ခု ပါ၀င်ယှဉ်ပြိုင်နေကြကြောင်း ဦးအေးမောင်သန်းက ပြောသည်။

“စုစုပေါင်း ၄၆ သင်း ပါ၀င် ကစားတဲ့ အထဲက ကျောင်းတောင်၊ တိမ်ညိုကျေးရွာ (တောင်ပိုင်း)၊ မြက်ရိတ်ကျွန်း၊ ရွာဟောင်းတော၊ အိုးထိန်းကျေးရွာ၊ စတဲ့ အသင်းတွေ ကွာတားဖိုင်နယ်ကို တက်လာတာကို တွေ့ရတယ်။ မေလ ၁၄ ရက်နေ့မှာ ကွာတားဖိုင်နယ်ကို ၈ သင်းရောက်ပါမယ်။ အခုတော့ ကန်နေတုန်းပါဘဲ” ဟု သူက ဆိုသည်။

ဘော်လုံး ဗိုလ်လုပွဲအား မေလ ၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း၊ ဘော်လုံးပြိုင်ပွဲတွင် ပထမဆုံး ကျပ် ရ သိန်း၊ ဒုတိယ ကျပ် ၄ သိန်း၊ တတိ်ယ (၂) သိန်း၊ စတုတ္ထ (၁) သိန်း အပါအဝင် အကောင်းဆုံး ရွှေဘိနပ်ဆု၊ အကောင်းဆုံး ဘော်လုံးသမားဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း ဘော်လုံးပွဲကျင်းပရေး ကော်မီတီ ဥက္ကဌ ဦးကျော်ဇောလှက ပြောသည်။

ယခုအခါ လှေပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ကြမည့် ကျေးရွာအသင်းများလည်း စုံစုံညီညီ ရောက်ရှိနေပြီး ၁၂ လံ အရှည် လှေပြိုင်ပွဲတွင် ပထမ ကျပ်(၆) သိန်း- ဒုတိယ ၄ သိန်း၊ ၈ လံ အရှည် လှေပြိုင်ပွဲတွင် ပထမ (၅) ကျပ်သိန်း ဒုတိယကို (၄) ကျပ်သိန်း ၊ ၆ လံ လှေအရှည် ပြိုင်ပွဲ ပထမ ကျပ်(၄) သိန်း၊ ဒုတိယ ကျပ်(၃) သိန်း အသီးသီး ချီးမြှင့် သွားမည်ဟု သိရသည်။

ရှစ်သောင်း ဘုရားပွဲတော်ပါ၀င်ဆင်နွဲရန်အတွက် ရပ်ဝေး ရပ်နီးမှ ပြည်သူ ထောင်ထောင်ပေါင်းများစွာ မြောက်ဦးမြို့တွင် စုရုံးရောက်ရှိနေကြပြီကြောင်း သိရသည်။

Most read this week