မောင်တောတွင် ရခိုင်နှင့်ဘင်္ဂါလီ ပူးပေါင်း၍ စီးပွားရေးဇုန်တည်ဆောက်နိုင်ရန် စီစဉ်နေ

မောင်တောတွင် ရခိုင်နှင့်ဘင်္ဂါလီ ပူးပေါင်း၍ စီးပွားရေးဇုန်တည်ဆောက်နိုင်ရန် စီစဉ်နေ
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘင်္ဂါလီ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ စီးပွားရေးဇုန်တစ်ခု အကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိသည်ဟု မောင်တောကုန်စည်အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက မေ ၁၁ တွင် မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသတွင် အအေးခန်းစက်ရုံများ၊ အထည်ချုပ်စက်ရုံများ တည်ဆောက်နိုင်မည့် စီးပွားရေးဇုန်တစ်ခု ဖော်ဆောင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသတွင်းရှိ နှစ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ တွေ့ဆုံခဲ့သည်ဟု ဦးအောင်မြင့်သိန်းက ဆိုသည်။

“ဒေသဖွံ့ဖြိုးမှ နှစ်ဖက်ပဋိပက္ခကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ နားလည်ထားတယ်။ ဒါပေမဲ့လုံခြံုရေးကို လည်း အစိုးရက အလေးပေး ဆောင်ရွက်ပေးထားဖို့လိုပါတယ်”ဟု ဦးအောင်မြင့်သိန်းက ပြောသည်။

“စီးပွားရေးအရတော့ အခုလည်း နှစ်ဖက်အသိုင်းအဝိုင်းက လုပ်ငန်းရှင်တွေ ဆက်ဆံမှု ရှိပါတယ်”ဟု ဦးအောင်မြင့်သိန်းက ဆိုသည်။

ဘူးသီးတောင်၊ မောင်တောဒေသဖွံ့ဖြိုးရေးအတွက် မောင်တောမြို့နှင့် နှစ်မိုင်အကွာရှိ ကညင်ချောင်းဒေသတွင် စီးပွားရေးဇုန် တည်ဆောက်ရန် ရည်ရွယ်ထားပြီး ဒေသတွင်းရှိ နှစ်ဖက်စီးပွားရေး လုပ်ကိုင်သူများနှင့် အသေးစိတ်တိုင်ပင်ရန် လိုအပ်သည်ဟု ဦးအောင်မြင့်သိန်းကပြောသည်။

ယင်းစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်နိုင်ရန် အစိုးရအဖွဲ့ဝင် ၀န်ကြီးများက တိုက်တွန်းသွားသည်ဟုဆိုသည်။

“ကျွန်တော်တို့ ငြိမ်းချမ်းစွာနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ ခြေလှမ်းအစပဲ ရှိပါသေးတယ်။ အများကြီး တိုင်ပင်ဆွေးနွေးရဦးမှာပါ”ဟု မောင်တောမြို့မှ အစ္စလာမ်ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးအဘူတာဟေးက ပြောသည်။

မေလ ၉ ရက်က ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပသမဂ္ဂ သံအမတ်ကြီး၊ နော်ဝေနှင့် ဆွစ်ဇာလန် သံအမတ်ကြီးတို့သည် ဘူးသီးတောင်၊ မောင်တောဒေသရှိ နှစ်ဖက်အဖွဲ့အစည်းများက ခေါင်းဆောင် ၁၅ ဦးစီနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံမှု၏ ရလဒ်အဖြစ် နှစ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ စီးပွားရေး လုပ်ဆောင်ကြရန် စီစဉ်နေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများကြား မပြေလည်မှုများ ရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် အပြန်အလှန်တိုက်ခိုက်မီးရှို့မှုများ နှစ်နှစ်ကျော်ကြာ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် ဒုက္ခသည်တစ်သိန်းကျော် ရှိနေသည်။ ထို့ပြင် ရခိုင်ပြည်နယ် မြို့နယ်အများစုတွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်သည်။

ပဋိပက္ခများကြောင့် သမ္မတက စုံစမ်းစစ်ဆေးရေးကော်မရှင် သုံးခု ဖွဲ့စည်းထားရပြီး ဖြစ်သည်။

Most read this week