ကမ္ဘာပေါ်တွင် ကောင်ရေသုံးရာခန့်သာကျန်ရှိကြောင်း မှတ်တမ်းတင်ထားသည့် ပုံပါ နှာပြားပြားနှင့် ရှားပါးမျောက်တစ်မျိုးကို ကချင်ပြည်နယ်တွင် ကွင်းဆင်းသုတေသနပြုလုပ်နေချိန်အတွင်း အုပ်စုလိုက် တွေ့ရကြောင်း သဘာဝဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်သည်။
ယင်းအဖွဲ့က ထုတ်ပြန်လိုက်သော မှတ်တမ်းဗီဒီယိုတွင် အဆိုပါမျောက်အုပ်ကြီးက ကချင်ပြည်နယ် သစ် တောအတွင်းက မြင့်မားသော သစ်ပင်ထိပ်ပိုင်းတွင် တစ်ပင်မှတစ်ပင်သို့ ခုန်ကူးဖြတ်သန်းသွားခဲ့ပုံကို တွေ့ရသည်။ တစ်နှစ်ကျော်ကြာ ကွင်းဆင်းလေ့လာချိန်အတွင်း ဤတစ်ကြိမ်သာ တွေ့ခဲ့ရခြင်းလည်းဖြစ် သည်။ ဤဗီဒီယိုမှတ်တမ်းအရ ယင်းရှားပါးလှသော မျောက်အမျိုးအစားက မြန်မာနိုင်ငံတွင်ကျန်ရှိနေသေး ကြောင်းသိရပြီး ၎င်းတို့သည် ကြီးမားသောအုပ်စုနှင့် နေထိုင်သည့် မျောက်မျိုးအဖြစ် ပထမဆုံးအကြိမ် သတ်မှတ်နိုင်ခဲ့သည်။ ယင်းအချက်က အခြား အသီးအရွက်စားပြီး အုပ်စုငယ်ဖွဲ့နေထိုင်သည့် မျောက် အုပ်စုမျိုးနှင့် မျိုးရိုးဗီဇအရ ကွဲပြားနေကြောင်း ပြသနေသည်ဟု ဗြိတိန်အခြေစိုက် Fauna & Flora ၏ မြန် မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဖရန့်မွန်ဘက်က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံအတွင်း ၂၀၁၀ ပြည့်နှစ်တွင် စတင်တွေ့ရှိခဲ့သည့် ယင်းမျောက်မျိုးကို မျိုးတုံးလုနီးဖြစ်နေသည့် တိရစ္ဆာန်အမျိုး အစားအဖြစ် နိုင်ငံတကာသဘာဝထိန်းသိမ်းရေးသမဂ္ဂတွင် စာရင်းသွင်းထားပြီး မှတ်တမ်း အရ ကမ္ဘာတွင် အကောင်ရေ ၂၆၀ မှ ၃၃၀ ခန့်သာ ကျန်ရှိသည်ဟု ဆိုသည်။
“အုပ်စုကြီးကြီးနဲ့နေတဲ့ မျောက်မျိုး ဖြစ်တဲ့အတွက် သူတို့က ကျက်စားတဲ့နေရာကလည်း အတော်ကျယ်ဖို့ လိုတယ်။ သူတို့ကို မျိုးမပျောက်အောင် ထိန်းသိမ်းထားဖို့ဆိုရင် သစ်တောဒေသကို ထိန်းသိမ်းဖို့ လိုအပ် ပါတယ်”ဟု Fauna & Flora ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဖရန့်မွန်ဘက်က ပြောဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ Fauna & Flora အဖွဲ့က ဒေသခံမုဆိုးများအတွက် အမဲမလိုက်ဘဲ အ သက်မွေးဝမ်းကျောင်း ပြုနိုင်မည့် လုပ်ငန်းများ စီစဉ်ပေးနေပြီး အမဲလိုက်ခြင်းကို ဟန့်တားသည့် ဒေသခံ အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေရာ အမဲလိုက်ခြင်းကို အတော်အတန် လျှော့ချနိုင်နေပြီ ဖြစ်ကြောင်း သိရ သည်။
သို့သော် တရုတ်နိုင်ငံမှ တရားမဝင်သစ်ခုတ်မှုများနှင့် တရုတ်ကုန်သည်များက မျောက်အရိုးကို ရယူလို ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ ယင်းရှားပါးမျောက်မျိုး မျိုးတုံးမည့်အန္တရာယ်နှင့် ကြံုတွေ့နေရကြောင်း Fauna & Flora အဖွဲ့က ပြောဆိုသည်။
ကချင်ပြည်နယ် စေလောဒေသတွင်း မိခင်မျောက်မကို မုဆိုးများက ပစ်ချချိန်တွင် ယင်းရှားပါးအုပ်စုမှ မျောက်သားလေးကို သစ်ပင်မှပြုတ်ကျသေနေပုံကို Fauna & Flora ၏ ဧပြီလထုတ်စာစောင်တွင် ဖော်ပြ လိုက်ပြီး ၎င်းတို့မျိုးတုံးမည့် အန္တရာယ်ကို သတိပေးလိုက်သည်။
မြန်မာ့သစ်တောအတွင်းက တရုတ်တို့၏ ရိုးရာဆေးအတွက် တိရစ္ဆာန်အရိုးများ ရယူမှုနှင့် တရားမဝင် သစ်ခုတ်မှုများကြောင့် ရှားပါးတိရစ္ဆာန်များ ပျောက်ဆုံးမျိုးတုံးလာနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
တရုတ် နိုင်ငံက ဘယဆေးများ၊ အားတိုးဆေးများ ဖော်စပ်ရာတွင် တိရစ္ဆာန်အစိတ်အပိုင်းများကို အသုံးပြုနေခြင်း ကြောင့် မြန်မာ့မူလသစ်တောအတွင်းမှ ကျား၊ ၀က်ဝံ၊ မျောက်မျိုးစုံတို့ကို နည်းမျိုးစုံဖြင့် ရယူနေခဲ့ကြသည်။
မြန်မာနိုင်ငံမြောက်ပိုင်းက ဝေလံခေါင်ဖျားသောအရပ်ဒေသတွင် ပြည်မမှ လမ်းများလည်း မပေါက်ရောက်သဖြင့် ဒေသဖွံ့ဖြိုးမှု နည်းပါးလှခြင်းကို တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်း ရောင်းဝယ်သည့် မှောင်ခိုကုန် သည်များက အသုံးချနေခဲ့သည်။
အိုးခွက်ပန်းကန်ကအစ၊ တောင်ပေါ်တွင် ရှားပါးလှသော ဆား၊ ကလေး ကစားစရာအဆုံး လူသုံးကုန်ပစ္စည်းများကို တရုတ်နိုင်ငံ နယ်စပ်မှတစ်ဆင့် တရုတ်ကုန်သည်များကသယ် ယူလာပြီး တောကောင်များနှင့် အလဲအလှယ်လုပ်နေခဲ့ကြကြောင်း မြန်မာ့ကျားတိရစ္ဆာန်များ ထိန်းသိမ်း ရေးလုပ်ဆောင်ခဲ့သူ ဇီဝဗေဒပညာရှင် အယ်လန်ရော်ဘင်နိုဗစ်ကလည်း သူ၏ မြန်မာနိုင်ငံခရီးစဉ် မှတ်တမ်းတွင် အသေးစိတ် ဖော်ပြထားသည်။
ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုးတက်လာပြီး အမျိုးသားဥယျာဉ်တည်ထောင်ရေး ဖြစ်မြောက်လာရန် မျှော်လင့်ထားကြောင်း Fauna & Flora သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ပြောဆိုသည်။ သဘာဝဥယျာဉ် သတ်မှတ်တည်ထောင်မှုကသာ တရုတ်နိုင်ငံဘက်က တရားမဝင်သစ် ခုတ်ခြင်း၊ အမဲလိုက်ခြင်းများပြုလုပ်ရန် ဖိအားများကို လျှော့ချ ဟန့်တားနိုင်မည်ဖြစ်ပြီး ရှားပါးတိရစ္ဆာန်များ၊ သစ်ပင်ပန်းမန်များ မျိုးတုံးခြင်းမှ ကာကွယ်နိုင်မည်ဟုလည်း အကြံပြုထားသည်။
မူလ သစ်တောသဘာဝနှင့် ကမ္ဘာ့ရှားပါးတိရစ္ဆာန်များရှိရာ မြန်မာ့သစ်တောများကို ထိန်းသိမ်းစောင့် ရှောက်ခြင်းအားဖြင့် ကမ္ဘာ့အရေးကြီးဆုံး ဂေဟစနစ်ရှိရာဒေသများစာရင်းတွင် မြန်မာနိုင်ငံ ဆက်လက် ကျန်ရှိနေမည် ဖြစ်ပါသည်။
ကိုးကား -
- Fauna & Flora
- The last village by Alan Rabinowitz