SNLD ၏ ကျေးရွာရုံးခွဲ ဥက္ကဌအား ဖမ်းဆီးရိုက်နှက်ပြီး RCSS ကိုယ်စားလှယ်ရုံးကို စစ်အင်အားဖြင့် ဝိုင်းရံစစ်ဆေး

SNLD ၏ ကျေးရွာရုံးခွဲ ဥက္ကဌအား ဖမ်းဆီးရိုက်နှက်ပြီး RCSS ကိုယ်စားလှယ်ရုံးကို စစ်အင်အားဖြင့် ဝိုင်းရံစစ်ဆေး
by -
သျှမ်းသံတော်ဆင့်

အစိုးရတပ်မှ SNLD ပါတီ ကျေးရွာ အဆင့်ရုံးခွဲ ဥက္ကဌ အား  ရိုက်နှက် ဖမ်းဆီးပြီး တြိဂံတိုင်း စရဖ မှူး ဦးဆောင်သည့် စစ်အင်အား ၂၀ ကလည်း RCSS/SSA ၏ ကျိုင်းတုံမြို့ ကိုယ်စားလှယ်ရုံးအား မေလ ၆ ရက်နေ့ ညနေပိုင်းက ဝိုင်းရံ စစ်ဆေး ခဲ့သည်ဟု ကျိုင်းတုံ သတင်းရပ်ကွက် ကပြောသည်။

၂၀၁၄ မေလ ၆ ရက်နေ့ ညနေပိုင်းက ကျိုင်းတုံမြို့ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ကိုယ်စားလှယ်ရုံးအား ကျိုင်းတုံမြို့အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် စရဖ မှူး ဗိုလ်မှူ းရဲနေလင်း ဦးစီးသည့် စစ်အင်အား၂၀ ကျော်က ဝိုင်းရံပိတ်ဆို့ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးခံရသူတဦးက ဤကဲ့သို့ ပြောပြပါသည်။

“ကျားခေါင်းပါတီ တဦးရိုက်နှက်ခံရပြီး ထိန်းသိမ်းခံထားရတဲ့အကြောင်းကို ဖြေရှင်းဖို့ ကျနော်တို့ လူငယ် အဖွဲ့ပါတယ်၊ ကျားဖြူပါတီပါတယ်။ အဲန်အယ်ဒီပါတယ်။ သူတို့နည်းနည်းစောစောပြန်သွားလို့ပေါ့။ မဟုတ် ရင် အဲဒီပိတ်ဆို့ စစ်ဆေးခံရတဲ့အထဲမှာပါမယ်။ ကျနော်တို့သတိမထားမိဘူး။ စစ်သားတွေက ဝင်လာ တယ်။ တယောက်မှမထနဲ့ ခင်ဗျားတို့ ဘယ်ကလဲ စသဖြင့် နာမည် မှတ်ပုံတင် နေရပ်ရေးပေးခိုင်းတယ်။ ရုံးတာဝန်ခံ မေးတယ်။ သူတို့ အိမ်ထဲဝင်လာတာ ကျနော်တို့ ရှမ်းထုံးစံရ ဖိနပ်ချွတ်ပါလို့ပြော တော့ အရပ်ဝတ်တွေ ကတော့ချွတ်တယ်။ စစ်သားတွေတော့မချွတ်ဘူး။ အနောက်တံခါးပိတ်ပြီး တခန်းဝင်တခန်းထွက် အကုန်မွှေနှောက်ရှာဖွေတယ်၊ ဘာမှမတွေ့ဘူး။ ညနေ ၄ နာရီ ကျော်က နေ ၅ နာရီကျော်လောက်ထိ တနာရီကျော်ကြာတယ်” - ဟု စစ်ဆေးခံရသူတဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ကျိုင်းတုံမြို့ ကိုယ်စားလှယ်ရုံး တာဝန်ခံ စဝ်စောမိဏ်းက - ‘ဒီလိုပါ မနေ့ညက စရဖကနေ ကျနော့်ကို ခေါ်တွေ့တယ်။ မိုင်းတုံမြို့နယ် ဘက်က ကျေးရွာဉက္ကဌ နေအိမ်ကနေပျောက်သွားတဲ့ အကြောင်း ခေါ်မေးတာ။ ညနေ အိမ်ပြန်ရောက် တော့ ဒေသခံတွေက ကျားခေါင်းပါတီ ရဲ့ နမ့်လင်းမိုင်ဥက္ကဌ ကို ခလရ ၂၄၅ စစ်အင်အား ၃၀ ကျော်က သွားရောက်ဖမ်း ဆီးတဲ့ ကိစ္စ ဝိုင်းဝန်းဖြေရှင်းပေးဖို့  ဖုန်းဆက်ပြောလာတယ်”

“ဒါ့ကြောင့် ကျားဖြူ ကျားခေါင်း နဲ့ အဲန်အယ်ဒီ အပါဝင် လူငယ်အဖွဲ့တွေပါ ဝိုင်းဝန်းဖြေရှင်းဖို့ ကျနော် ဖိတ်တယ်။ အဲန်အယ်ဒီတော့ အလုပ်ရှိတယ်ဆိုပြီးပြန်သွားတယ်။ စရဖ ခေါ်လို့ ခနစောင့်ပေးပါလို့ ကျနော်ပြောပြီး စရဖရုံးသွားနေချိန် စရဖ မှူးကိုယ်တိုင်က စစ်အင်အားခေါ်ပြီး ကျနော်တို့ရုံးကို လာရောက် စစ်ဆေးတော့တာဘဲ။ အဲဒီအချိန် ကျနော့်ကို လည်း ရုံးမပြန်ဖို့ စရဖ မှူး တပည့်တွေက အချိန်ဆွဲထားတယ်။ နှစ်နာရီကျော်သွားတယ်” - ဟု ပြောသည်။

ဖမ်းဆီးရိုက်နှက် ထိန်းသိမ်းခံထားရသူ စိုင်းဂျဲန်သည် အင်လူမျိုး မျိုးနွယ်စုခေါင်းဆောင်လည်းဖြစ် ကျားခေါင်းခေါ် SNLD ပါတီ၏ ကျိုင်းတုံမြို့နယ် ပိန်းတောဝ့် ကျေးရွာအုပ်စု နမ့်လင်းမိုင် ကျေးရွာ(ရုံးခွဲ) ဉက္ကဌ လည်းဖြစ်သည်။ ၎င်း၏နေအိမ်၌ပင် ကျားခေါင်းပါတီရုံးဖွင့်လှစ်ထားသည်။

 “ကျနော်တို့ ကိုယ်စားလှယ်ရုံးတာဝန်ဆိုတာ လူကောစစ်ဘက်ဆိုင်ရာကော၊ ဌာနဆိုင်ရာကော အကုန် တွေ့ရတာဘဲ။ အခုလို ကောင်းတဲ့နည်းလမ်းနဲ့ မဖြေရှင်းဘဲ ဒီလိုမျိုးလာလုပ်တော့ အယုံအကြည်ပျက် တာပေါ့။ တကယ်တမ်းကျနော်တို့ ရုံးကို စစ်ဆေးချင်ရင် ကျနော်ကိုယ်တိုင်ခေါ်လာလို့ရတယ်။ အခု တော့ ရဲတွေ၊ ထောက်လှမ်းရေးတွေ၊ စစ်သားတွေ ခေါ်ပြီး ရုံးကိုဝင်စီးသလို လာလုပ်တော့ မဟုတ်သေး ဘူးလေ။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အချိန်ဘဲ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ရတဲ့ဟာ ဘဲ” - ဟု ကျိုင်းတုံမြို့ RCSS/SSA ရုံးကိုယ်စားလှယ်ကပြောသည်။

 
နိုင်ငံရေးပါတီသည် နိုင်ငံ ကောင်းစားရန် ဝိုင်းဝန်းကြိုးပမ်းနေသည့် သူများ ဖြစ်သဖြင့်  အစိုးရစစ်တပ်က ဥပဒေကိုမလေးမစား၊ သက်ဆိုင်ရာများအား အကြောင်းမကြားပဲ လူထုအပေါ် တံခါးမရှိ ဓါးမရှိ  နှိပ်စက် သည်မှာ တရားဥပဒေစိုးမိုးမှုကိုထိခိုက်စေသကဲ့သို့ တိုင်းရင်းသားများ၏ အစိုးရအပေါ်ယုံ ကြည် မှုကိုပါ  ပျက်ပြားစေသည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောပါသည်။

ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အပြောင်းအလဲကာလ ကိုကြိုးပမ်းနေသည့် မြန်မာနိုင်ငံအတွက် ကောင်းသော လက္ခဏာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့သည်။