လက်ရှိ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ်တွင် ပြည်သူလူထုက စိုးရိမ်နေဆဲဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်သည်ဟု မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ သည့် ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူ ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က မေ ၆ ရက်တွင် ပြောသည်။
နော်စီဖိုးရာစိန်က မဇ္ဈိမနှင့် သီးသန့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လူထု၏ အမြင်ကိုပြောဆိုခဲ့ ခြင်း ဖြစ်ကာ ၎င်းသည် ဧရာဝတီတိုင်းအတွင်းတွင် ပြည်သူလူထုနှင့် တွေ့ဆုံခဲ့စဉ် ရရှိသောအချက်အလက် များကို ပြန်လည် ပြောခြင်းဖြစ်သည်။
နော်စီဖိုးရာစိန်က “ပြည်သူလူထုက အခုထိ စိုးရိမ်မှုရှိတယ်။ သူတို့ကတော့ မေးခွန်းတွေထုတ်တယ်။ သူတို့ ငြိမ်းချမ်းရေးကို ထောက်ခံတယ်။ သူတို့တွေ့ချင်တယ်၊ ခံစားချင်တယ်၊ မျှော်လင့်တယ်။ ဒါပေမဲ့ သွားမယ့် ငြိမ်ချမ်းရေးက အာမခံချက် ရှိသလား။ အဲဒါ မျှော်လင့်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သူတို့မျှော်လင့် တယ်”ဟု ဆိုသည်။
ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ၏ ဖိတ်ကြားမှုကြောင့် ဧပြီ ၃၀ ရက်က စတင်ခဲ့သည့် နော်စီ ဖိုးရာစိန်၏ မြန်မာပြည်ခရီးစဉ်တွင် ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ပန်းတနော် အစရှိသည့် မြို့များမှ ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်တွင်လည်း ကရင်လူထုနှင့် တွေ့ဆုံမည် ဖြစ်သည်။
ယင်းအပြင် နော်စီဖိုးရာစိန်သည် မေလ ၆ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး ဗဟိုဌာန MPC တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်၍ လူထုက စိုးရိမ်မှုများရှိနေသည်ဟုလည်း ပြောဆိုခဲ့သည်။
အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုတည်းကို ရေးဆွဲနေပြီ ဖြစ်သော်လည်း လက်ရှိအချိန်တွင် ကချင် ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး ယင်းတိုက်ပွဲများမှာ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ဆက်စပ် ပြီး ဖြစ်ပွားခြင်းဖြစ်သည်ဟုလည်း ဦးအောင်မင်းက ဆိုသည်။
ဦးအောင်မင်းက “ကရင်ပြည်နယ်ထဲမှာ သန်းခေါင်စာရင်းကို ရာနှုန်းပြည့် ကောက်နိုင်ခဲ့တယ်။ ဒုက္ခသည် စခန်းတွေထဲကိုပါ ၀င်ကောက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲတစ်ပွဲမှ မဖြစ်ဘူး။ ဒါက ယုံကြည်မှုတည်ဆောက်မှု အားကောင်းလို့ပါ။ အခု ကချင်ပြည်နယ်မှာ ယုံကြည်မှုနည်းနေသေးလို့ ဒီလိုတိုက်ပွဲလေးတွေ ဖြစ်နေတာပါ”ဟု သတင်းစာဆရာများနှင့် တွေ့ဆုံစဉ် မဇ္ဈိမ၏မေးမြန်းမှုကို ဖြေကြားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မှုတွင် ပြည်သူလူထု၏ ပါ၀င်မှုသည် အရေးကြီးသောကြောင့် ယခုခရီးစဉ်အတွင်း ပြည်သူလူထုနှင့် တွေ့ဆုံခြင်း ဖြစ်သည်ဟုလည်း နော်စီဖိုးရာစိန်က ပြောကြားလိုက် ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရပ်ဖက် အဖွဲ့အစည်းများလည်း အားလုံးပါ၀င်သင့်သည်ဟုဆိုသည်။
“နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်တယ်။ စစ်ပွဲရပ်လို့ ငြိမ်းချမ်းရေးရပြီဆိုတာ မဖြစ်နိုင် ဘူး။ စစ်ပွဲရပ်တာ နိုင်ငံရေးဆွေးနွေးဖို့ ပထမအဆင့်ပဲဖြစ်တယ်။ ငြိမ်းချမ်းရေးရရှိဖို့အတွက်က နိုင်ငံရေး ဆွေးနွေးပွဲသွားမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိမယ်”ဟု နော်စီဖိုးရာစိန်က ငြိမ်းချမ်းရေးနှင့် ပတ်သက် သော သူ၏အမြင်ကို မဇ္ဈိမနှင့် သီးသန့်တွေ့ဆုံစဉ် ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တစ်ဆင့်ပြီးတဆင့် သွားရမည်ဖြစ်ပြီး အချိန်ယူရမည် ဖြစ်သည်ဟုလည်း ဆိုသည်။ မေလ ၆ ရက်တွင် နော်စီဖိုးရာစိန်နှင့်အဖွဲ့သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် လည်း တွေ့ဆုံခဲ့ပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် သွားရာတွင် အခက်အခဲဖြစ်နေသည့် ကိစ္စများနှင့် ပတ်သက်၍လည်း ပြောဆိုခဲ့သည်ဟု SNLD အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွန့်လွင်က မဇ္ဈိမကို ပြောသည်။
နော်စီဖိုးရာစိန်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ၀န်ကြီးအချို့နှင့်လည်း တွေ့ဆုံရန်ရှိနေပြီး NLD ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား ပါတီများ၊ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။
နော်စီဖိုးရာစိန်သည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်းကလည်း ပြည်တွင်းသို့ပထမဆုံးခရီးစဉ်အဖြစ် လာရောက် ခဲ့ သေးသည်။ ကေအင်န်ယူသည် အစိုးရအဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်စွဲကိုင် တော်လှန်ခဲ့သည့် တစ်ချိန်က အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပြီး ယခုမူ ပဏာမ အပစ်ရပ်ပြီးဖြစ်သည်။