သျှမ်းပြည် ညီညွတ်ရေး ကော်မတီ ၆ လ ပတ် အစည်းအဝေး ကျင်းပ

သျှမ်းပြည် ညီညွတ်ရေး ကော်မတီ ၆ လ ပတ် အစည်းအဝေး ကျင်းပ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် ညီညွတ်ရေး ကော်မတီ CSSU ၏ ပထမအကြိမ် ၆ လပတ် အစည်းအဝေးတွင် မြို့နယ်ပေါင်း ၅၂ မြို့နယ်မှ သျှမ်းပြည်တပ်မတော် ၂ ခု တခုတည်း ဖြစ်ရေး၊ နိုင်ငံရေးပါတီ ၂ ရပ် တပါတီ တည်းဖြစ် ရေးတောင်း ဆိုချက်ကို အလေး အနက်ထား အကောင်အထည် ဖော်ရန် ဆုံးဖြတ် ခဲ့ကြကြောင်း သိရသည်။

ချင်းမိုင်တွင် မေလ ၁ ရက်မှ ၅ ရက်အထိ ကျင်းပသော အဆိုပါအစည်းအဝေး၌ သံဃာနှင့် လူထုကိုယ် စားလှယ်ပေါင်း ၃၆၆၃ ဦးက ၎င်းတို့၏တောင်းဆိုချက်ကို လိုက်နာမှုမရှိပါက ထောက်ခံအားပေးမှုကို ဖြတ်တောက်မည်ဖြစ်ကြောင်း ဧပြီလ ၉ ရက်မှ အကြောင်းကြားလွှာ ကိုဖတ်ပြခဲ့သည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ ၆ လ ပတ်အစည်းအဝေး

အဆိုပါတောင်းဆိုမှုကို  အကောင်အထည်ဖော်ရန်အတွက်  ၆ ဦးပါ ဆက်သွယ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက် ကြောင်း သိရသည်။

Committee for Shan State Unity (CSSU) ၏ စည်းရုံးဆက်သွယ်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် စဝ်ပင်ခမ်းကို ရွေးချယ်ခန့်အပ်ပြီး အဖွဲ့ဝင် ၆ ဦးရှိကြောင်း၊ သျှမ်းပါတီ ၂ ပါတီ၊ သျှမ်းတပ်မတော် ၂ တပ်နှင့် ဆက်သွယ်၍ အစည်းအဝေးမှ အဆိုပြုမှုကိုတင်ပြရန် အဖွဲ့၏ အဓိကတာဝန်ဖြစ် ကြောင်း ဆိုပါ သည်။

အဆိုပါတင်ပြချက်များတွင် တခုမှာ  အဆိုပါ ၄ ဖွဲ့မှ ထိပ်သီးဥက္ကဌတဦးကို ရွေးခြယ်ရန်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူများမှသိရသည်။ ယခုအခါ သျှမ်းပါတီ ၂ ပါတီ၊ သျှမ်းတပ်မတော် ၂ တပ်ဖွဲ့တို့မှ ဥက္ကဌကြီး ၄ ဦးက CSSU ၏ဥက္ကဌ အဖြစ်ဆောင်ရွက်ထားကြသည်။

“ကျနော်တို့ အစည်းအဝေးတက်ရောက်သူတွေတော်တော်များများက စဝ်ခွန်ထွန်းဦးဟာ အသင့်တော်ဆုံးဘဲလို့ ထင်ကြတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းပြည်ပ  သျှမ်းအသိုင်းအဝိုင်း ကသာမက သျှမ်း မဟုတ်တဲ့ တခြားတိုင်းရင်းသားတွေလည်း ခွန်ထွန်းဦးကိုလက်ခံကြတယ်။ တဖက်ကလည်း သျှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC မှာ ဥက္ကဌ ဖြစ်နေတယ်လေ ဒါကြောင့် ကြည့်ရတာတော့ ဥက္ကဌရာထူးအတွက် ခွန်ထွန်းဦးကို ရွေးချယ်ဖို့ ရာခိုင်နှုန်းများနေတယ်” ဟု အစည်းအဝေး တက်ရောက်သည့် ပုဂ္ဂိုလ်တဦးက အမြင်ကို သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်ဘက်မှကန့်ကွက် စရာရှိမည်မထင်ကြောင်းလည်း ပြောဆိုပါသည်။

ယမန်နှစ်က အစိုးရကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် ရန်ကုန်မြို့သို့  ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ရောက် ရှိစဉ်က UPWC အကြီးအကဲ ဦးအောင်မင်းကလည်း  “ တိုင်းရင်းသားတခုချင်းစီကြားထဲက ငြိမ်းချမ်းရေး တည် ဆောက်ဖို့လည်း အရေးကြီးတာမို့ ကရင်တိုင်းရင်းသားထဲက စည်းလုံးညီညွတ်ရေးရဖို့ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက တွေ့ဆုံစည်းရုံးပေးဖို့နဲ့ သျှမ်းပြည်ထဲက အဖွဲ့အစည်းတွေကိုတော့ တသံတည်း တခွန်းတည်း ထွက်လာဖို့အတွက် ခွန်ထွန်းဦး က  ဆက်သွယ်စည်းရုံးရင် ပိုပြီးသင့်တော်မယ်” - ဟု ပြော ဆိုခဲ့ကြောင်းသိရသည်။

ဥက္ကဌရွေးချယ်နိုင်ပြီး နောက်ပိုင်း သျှမ်းပြည်တွင်းရှိ အခြားသောတိုင်းရင်းသားအဖွဲ့အစည်းများပါ CSSU အတွင်း ပါဝင်လာနိုင်ရန် ချိတ်ဆက်သွားမည်ဟုလည်း အဖွဲ့ဝင်တဦးက ပြောသည်။

ပေါင်းစည်းနှင့်ပတ်သက်၍ ဝါရင့်အမျိုးသားရေးအကျိုးဆောင်ရွက်နေသည့်ပုဂ္ဂိုလ်တဦးက “စည်းလုံးညီညွတ် ရေးအတွက် ၁၉၈၃ တုန်းကလည်း စဝ်ဂွဏ်းဇိဏ်း ဦးဆောင်တဲ့ SURA က သျှမ်းပြည်တွင်းက အဖွဲ့ အစည်းအားလုံးကို စည်းလုံးညီညွတ်ရေးတခါ ခေါ်ဖူးပါတယ်။ အဲဒီတုန်းက သျှမ်းထဲမှာဆိုရင် SURA / SSA/ SUA ဆိုပြီး ၃ ဖွဲ့ရှိတယ်။ အဲဒီတုန်းက PNO ခေါင်းဆောင် ဖြားဗွါအောင်ခမ်းထီ က ဘာပြောလဲဆိုတော့  သျှမ်းထဲက ၃ ဖွဲ့ကို တဖွဲ့တည်းဖြစ်အောင် လုပ်ပါဦးတဲ့။ ကျနော်တို့တဖွဲ့တည်း ရပ်တည်တာ တောင်မှ ပြဿ     နာအခက်အခဲရှိနေပြီ။ သျှမ်းအဖွဲ့တဖွဲ့နဲ့သွားပေါင်းပြီး တခြားသျှမ်းအဖွဲ့တွေက သဘောမတူလို့ရန်ရှာရင် ပိုပြီးခက်လိမ့်မယ်- လို့ပြောတော့ သျှမ်းတဖွဲ့တည်းဖြစ်အောင် ကြိုးစားခဲ့ပေမယ့် SSA က တဝက်ဘဲပါလာတယ်။ ဒါကြောင့် PNO ကလည်း ၁၉၉၁ မှာ မြန်မာအစိုးရ နဲ့အပစ် အခတ်ရပ်စဲရေးယူလိုက်တယ်” ဟု ၎င်းတွေ့ကြုံခဲ့သည်များကို ပြန်လည်ပြောပြသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ကို ပြီးခဲ့သည့် အောက်တိုဘာလက ဖွဲ့စည်းခဲ့ပြီး အဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ဖြစ်သည်ဟု ဆိုသည်။

အဖွဲ့၏ ပထမအကြိမ် ၆ လပတ်အစည်းအဝေးကို ထိုင်းနယ်စပ်တနေရာတွင် မေလ ၁ ရက်မှ ၃ ရက် အထိ ပြုလုပ်ခဲ့သည်။ CSSU ၏ အစည်းအဝေးသို့ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့ ၁၀ ဖွဲ့ကျော်မှ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။
 
စည်းလုံးညီညွတ်ရေးအတွက် တခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်၊ အင်အားသုံး အဖြေရှာနည်းထက် တွေ့ဆုံဆွေးနွေးအဖြေရှာနည်းကို ထောက်ခံသွားမည်၊ သံဃာတော်များနှင့် လူထု တို့၏ ဆန္ဒကို လေးလေးနက်နက်ထား၍ ဆောင်ရွက်သွားမည်၊  တန်းတူအခွင့်အရေး၊ ညီညွတ်ရေး အမျိုးသားရင်ကြားစေ့ရေးအတွက် တခြားသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက် သွားမည် အစရှိအချက်များပါရှိသော ကြေငြာချက်တစောင်ကိုပါ ထုတ်ပြန်ခဲ့ပါသည်။