CNF အဖွဲ့မှ ချင်းတက္ကသိုလ်ကျောင်းသားထုကို အခြေခံနိုင်ငံရေးသင်တန်းပို့ချ

CNF အဖွဲ့မှ ချင်းတက္ကသိုလ်ကျောင်းသားထုကို အခြေခံနိုင်ငံရေးသင်တန်းပို့ချ
by -
ခိုနူမ်းထုန်

ချင်းအမျိုးသားတပ်ဦး CNF မှ ၂၀၁၄ ဧပြီလ ၂၇ – မေ ၂ ရက်အတွင်း ၀ိတိုရိယ ဗဟိုဌာနချုပ်တွင် ပြည်တွင်းချင်း တက္ကသိုလ် ကျောင်းသူ ကျောင်းသားများထံ အခြေခံနိုင်ငံရေး ရက်တိုသင်တန်းပို့ချ ပေးခဲ့ကြောင်းသိရသည်။

“ခေတ်လူငယ်များ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်လာရေး၊ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ သူတို့ရဲ့အခန်းကဏ္ဍ ပါ၀င်ရေး နဲ့အချင်းချင်းအကြား ချစ်ခင်ရင်းနှီးမှုရယူနိုင်ရေးကို ဦးတည်ပြီး သင်တန်းကိုပြုလုပ်ရတာပါ ” ဟု CNF ဗိုလ်မှူးကြီးဆော်လမွန်က ပြောသည်။

သင်တန်းကို ဒေါက်တာရွှေခါး၊ ပူး လာလ်ရမ်းလော်မာ၊ ပူး ထပ်ဆဝုန်၊ ဗိုလ်မှူးကြီးဆော်လမွန်၊ ပူးထက်နီ နှင့် ဆရာမ အေမီတို့မှ ပို့ချပေးခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်များမှာ Rights of of ethnic Nationalities (UNDRIP), Present government system and Federalism, Ethnic Armed groups movement for Peace Process, Role of students and youth in the peace processes, Fundamental characteristics of Federalism, Implementation status of agreements between CNF and government, History of Chin Revolution, About CNF/A, Chin History စသည် ဘာသာရပ်များကို အဓိက ပို့ချပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းတန်းတက်ရောက်လာသော ပခုက္ကူတက္ကသိုလ် ရူပဗေဒ မဟာတန်းတက်ရောက်နေသူ ကျောင်းသားခေါင်းဆောင်တဦးက "၀ယ်လို့မရတဲ့ သင်တန်းပါ၊ ဒီလိုသင်တန်းမျိုး အလျဉ်းသင့်သလို ပြုလုပ်ပေးစေချင်တယ်၊ ကျတော်တို့အတွက် အမြတ်ထွက်တာက ချင်းတက္ကသိုလ် ကျောင်းသူကျောင်း သားများ တွေ့ဆုံရင်းနှီးခွင့် ရတာကိုပါ ” ဟု ပြောသည်။

သင်တန်းအတွင်းတက္ကသိုလ်ကျောင်းသားများသည်  ချင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းနိုင်ရေးကို တပါ တည်း ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ သင်တန်းကာလအတွင်း ချင်းပြည်နယ်ဆိုင်ရာ မြန်မာနိုင်ငံဆရာဝန်များအသင်းမှ ဒေါက်တာ ဘွေမန်းလျန် နှင့် အဖွဲ့ ၃ ဦးလည်း ကျန်းမာရေးဆိုင်ရာ တာဝန်ယူပေးကြသည်ဟုလည်းထပ်မံသိရသည်။

ထို့ပြင် ဟားခါးမြို့မှ Fiakfai rock တီးဝိုင်းနှင့် ချင်းနာမည်ကြီး အဆိုတော် Solomon Menrihei, Mai hlawnsung တို့မှ ညပိုင်းတွင်ဖျော်ဖြေမှုမျာပြုလုပ်ပေးသကဲ့သို့ လူငယ်ဆိုင်ရာ ဘာသာရေးအဖွဲ့များလည်း ၁၆၀ ခန့်ဖြင့် အထူးဆုတောင်းပွဲ လာရောက်ပြုလုပ်ပေးကြကြောင်း သတင်းရရှိသည်။

CNF ပို့ချသောသင်တန်းသို့ ချင်းပြည်နယ် ဟားခါး (GTI)၊ ကလေး၊ မုံရွာ၊ ရန်ကုန်၊ ရေဆင်း၊ ပြည်၊ မကွေး၊ ပခုက္ကူ ၊စစ်တွေ တက္ကသိုလ်အသီးသီးမှ ချင်း တက္က သိုလ်ကျောင်းသူကျောင်းသား ရ၀ ခန့် တက်ရောက်ကြ သည်ဟု သိရသည်။