ပြီးခဲ့တဲ့ရက်ပိုင်းက ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးနဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အရင်က ထိတွေ့ဆက်ဆံမှုနည်းတဲ့ ၀သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ထားရာ ဒေသနဲ့ ရှမ်းအထူးဒေသ(၄) မိုင်းလားဒေသကို သွားရောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ သွားရောက်ဆွေး နွေး၊ ပူးတွဲကြေညာချက်တွေ ထုတ်ပြန်တာ တွေ့ရပါတယ်။ အရင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ လက် အောက်ကနေ ခွဲထွက်ခဲ့တဲ့ အဲဒီအဖွဲ့တွေနဲ့ ကေအင်န်ယူခေါင်းဆောင်ပိုင်း တွေ့ဆုံဆွေးနွေးမှုတွေဟာ ဘာအဓိပ္ပာယ်ဆောင်ပါသလဲ။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးဖြစ်စဉ်မှာ ဘာတွေ ထူးခြားလာမှာလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
မျက်မှောက်ခေတ် မြန်မာပြည်ရဲ့ လက်နက်ကိုင်ပုန်ကန်မှုဖြစ်စဉ်ကို ပြန်ကြည့်ရင် အပိုင်းနှစ်ပိုင်း မြင်ရပါ လိမ့်မယ်။ တစ်ပိုင်းကတော့ အယူဝါဒကွဲပြားမှုကြောင့် ပုန်ကန်မှုနဲ့ နောက်တစ်ပိုင်းကတော့ တိုင်းရင်း သား တန်းတူအခွင့်အရေးမရတာကြောင့် ပေါ်ပေါက်လာတဲ့ ပုန်ကန်မှုတွေပဲ ဖြစ်ပါတယ်။ အယူဝါဒ ကွဲ ပြားမှုကြောင့် ပေါ်ပေါက်လာတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်ပုန်ကန်မှုကတော့ ၁၉၈၉ ဧပြီ လမှာ နိဂုံးချုပ်သွားခဲ့ပါပြီ။ အဲဒီနောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုကို ပုန်ကန်ဖယ်ရှား ခဲ့တဲ့ ၀၊ ကိုးကန့်၊ မိုင်းလားနဲ့ ကချင် ၁၀၁ စစ်ဒေသတပ်ဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။ အဲဒီလေးဖွဲ့ထဲက မှ ကိုးကန့်အဖွဲ့ကို အစိုးရတပ်က လျှပ်တစ်ပြက် တိုက်ခိုက်ခြေမှုန်းခဲ့ပြီး ကချင် ၁၀၁ စစ်ဒေသကတော့ နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ အင်အားကြီးတဲ့ “၀”တပ်ဖွဲ့နဲ့ ရှမ်းအထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့တွေကတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအဖြစ် ကျန်ရစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုသမိုင်းမှာ လက်နက်ကိုင်အင်အားစုတွေအကြား တပ် ပေါင်းစုဖွဲ့မှုတွေ အကြိမ်ကြိမ်ရှိခဲ့ပြီး အကြိမ်ကြိမ် ပြန်ပျက်သွားခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ၁၉၈၀ အ လွန်ကာလ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ မဒတ လို့ခေါ်တဲ့ အမျိုးသားဒီမိုကရေ စီတပ်ပေါင်းစုဟာ အတော်အင်အားတောင့်တင်းပါတယ်။ ကရင်၊ ကချင်နဲ့ ကရင်နီ အပါအဝင် တိုင်းရင်း သား လက်နက်ကိုင် ၁၀ ဖွဲ့ကျော် ပါ၀င်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အင်အားတောင့်တင်းတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ တပ်ပေါင်းစုဖွဲ့ထားတာတော့ မရှိပါဘူး။ ၁၉၈၅ ခုနှစ်မှာတော့ ကေအဲန်ယူ၊ မွန်ပြည်သစ် နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေပါ၀င်တဲ့ မဒတ ကိုယ်စားလှယ်အဖွဲ့ဟာ တောင် ပိုင်း ကရင်ပြည်နယ်ကနေ မြောက်ပိုင်း ကချင်ပြည်နယ်အထိ တောတွင်း စည်းရုံးရေးခရီးရှည် ချီတက်ပါ တယ်။ အပြန် “၀”နယ် ပန်ဆန်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး သ ဘောတူညီချက်တချို့ လုပ်ပါတယ်။ အဲလို ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာ၊ သ ဘောတူညီချက် လုပ်ခဲ့တာကြောင့် ကိုယ်စားလှယ်အဖြစ် ပါသွားတဲ့ ကေအင်န်ယူ ဗဟိုကော်မတီဝင် ဖဒို မန်းရှာကို ကေအင်န်ယူဥက္ကဋ္ဌ စောဘိုမြက ဆိုင်းငံ့ သေဒဏ်ချပါတယ်။ ပြောချင်တာ ကေအင်န်ယူအဖွဲ့နဲ့ “၀”နယ်မှာ အခြေစိုက်ထားတဲ့ အရင် ဗကပ ဆက်ဆံရေး အခြေအနေမကောင်းခဲ့ဘူး ဆိုတာပါ။
အခုတော့ ခြားနားသွားပါပြီ။ လက်ရှိ ကေအဲန်ယူဥက္ကဋ္ဌကိုယ်တိုင် အရင် ဗကပ ဟောင်း “၀”နယ်နဲ့ မိုင်း လားနယ်ကို သွားပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ပါပြီ။ တကယ်တော့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေကြတဲ့ စားပွဲဝိုင်းထဲ “၀”တပ် ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တွေ မပါ၀င်ဘဲ ဘေးမှာ ခပ်အေးအေးနေခဲ့ကြတာပါ။ အခု ကေအင်န်ယူဥက္ကဋ္ဌရဲ့ခရီး စဉ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်တွေမှာ အတူတကွပါ၀င်ဖို့ စည်းရုံးဖို့သွားတဲ့ခရီးစဉ် ဖြစ်ပါတယ်။ သဘောတူညီချက်တွေလည်း ရပါတယ်။
ဆွေးနွေးပွဲအပြီး “၀”ပြည် သွေးစည်းညီညွတ်ရေးပါတီနဲ့ ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးတို့ ရဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်မှာဆိုရင် လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံရေး တန်းတူညီမျှမှုမရှိခြင်းက ပြည်တွင်း စစ် ကာလကြာရှည်ဖြစ်စေတယ်ဆိုတဲ့ အချက်၊ ငြိမ်းချမ်းရေးပြဿနာ ဖြေရှင်းရာမှာ တိုင်းရင်းသားလူမျိုးများ ပြဿနာ ကို ဖြေရှင်းခြင်းဟာ အဓိကသော့ချက်ကျတယ်ဆိုတဲ့အချက်၊ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ အပြန် အလှန်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့လိုတယ်ဆိုတဲ့အချက်၊ စစ်ရေးနည်းနဲ့ ဖြေရှင်းခြင်း ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်ပျက်စီးစေလို့ လုံးဝ ဆန့်ကျင်တယ်ဆိုတဲ့အချက်၊ တိုင်းရင်း သားတွေ တန်းတူညီမျှဆက်ဆံမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ရိုင်းပင်းကူညီမှုနဲ့သာလျှင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မယ်ဆိုတဲ့အချက်၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက် ပြီး လိုအပ်တာတွေကို ပြင်ဆင် ဖြည့်စွက်ကြရမယ်ဆိုတဲ့ အချက်တွေကို သဘောတူတယ်လို့ ဖော်ပြထား ပါတယ်။
အလားတူ ကေအင်န်ယူနဲ့ ရှမ်းပြည် အရှေ့ပိုင်း ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ NDAA ပူးတွဲထုတ် ပြန်ချက်မှာလည်း တိုင်းရင်းသားပြဿနာကို ဖြေရှင်းပေးခြင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့အဓိက သော့ချက်ဖြစ်တယ်ဆိုတဲ့ အချက်၊ တန်းတူဆွေးနွေးညှိနှိုင်းခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း၊ အပြန်အ လှန် ဆွေးနွေးညှိနှိုင်းခြင်းနည်းနဲ့ နိုင်ငံရေးဆွေးနွေးမှုကို လုပ်ရမယ်ဆိုတဲ့အချက်တွေကို သဘောတူခဲ့ တယ်လို့ ဖော်ပြထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးရဲ့ ခရီးစဉ်ဟာ လက်ရှိ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေးစာချုပ်တစ်ခု ချုပ်ဆိုနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေရဲ့ NCCT က ကြိုး စားနေကြသလို အဲလိုစာချုပ် ချုပ်ဆိုဖြစ်ခဲ့ရင် အရင် ဗကပ ဖြစ်ခဲ့တဲ့ “၀” နဲ့ မိုင်းလားတပ်ဖွဲ့တွေ ပါ၀င်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းတွေမှာလည်း ဆက်ပြီး ပါ၀င်ဖို့ ဗမာအစိုးရအဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော် လက်နက်စွဲကိုင်တွန်းလှန်ခဲ့တဲ့ ကေအင်န်ယူအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌတစ်ယောက်က သူ့နည်းသူ့ ဟန်နဲ့ ကြိုးစားနေတာသာဖြစ်လို့ အားပေးကြိုဆိုထိုက်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။