မြန်မာ အစိုးရတပ် ထိန်းချုပ် နယ်မြေ အတွင်း ဖြစ်သော ကချ င်ပြည်နယ် ကိုင်းထောက် ကျေးရွာ ဗန်းမော် သွားရာ ကားလမ်းမ ပေါ်တွင် မနေ့ မနက်ပိုင်း တွင် ဗုံးတစ်လုံး ပေါက်ကွဲကာ လူတစ်ဦး ပွဲချင်း ပြီး သေဆုံးကာ သုံးဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။
အဆိုပါပေါက်ကွဲသော ဗုံးမှာ ကားလမ်းမပေါ်တွင် ကြိုးတန်းထောင်ထားသော ဗုံးဖြစ်ကြောင်း၊ ထိခိုက်သေဆုံး ဒဏ်ရာရ သူများမှာ မော်တော်ဆိုင်ကယ် ဖြင့် ခရီးသွားပြည်သူများဖြစ်ကြကြောင်း ဗုံးဒဏ်ရာဖြင့်နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ ရောက် တရုတ်လူမျိုး မောင်ဖုန်းရွှင်က ဆိုသည်။
“ကျနော်တို့ ဆိုင်ကယ်သုံးစီးနဲ့ လူငါးယောက် ခရီးသွားကြတာ။ အဲဒီပေါက်ကွဲတဲ့နေရာမရောက်မှီ ၂ မိုင် အကွာ မှာ လုံခြုံရေး ယူနေတဲ့ မြန်မာစစ်သားတွေကို မေးကြည့်သေးတယ် ၊ ဒီဘက်ပိုင်းသွားလို့ရ မရ ပေါ့။ သူတို့က ကိုင်းထောက်ရွာ မကျော်ရင် သွားလို့ရတယ်တဲ့။ ကိုင်ထောက်ရွာနားလည်းရောက်ရော ဆိုင်ကယ် က မိုင်းကြိုးကို ညှိပါလေရော။ တစ်ခါတည်း အုန်း..ဘုန်း ပေါက်ကွဲတော့တာပဲ ၊ ကျနော်ရှေ့ က ဆိုင်ကယ်သမား တစ်ကိုယ်လုံး သွေး တွေနဲ့ ။ အဲဒီနေရာမှာ ပွဲချင်းပြီးဘဲ ” ဟု ၄င်းကဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအား အစိုးရစစ်သားနှစ်ဦးက မန့်ဝိန်း ကြီး ကျေးရွာမှ နမ့်ခမ်း ပြည်သူ့ဆေးရုံသို့ နေ့လည် ၁ နာရီ မိနစ် ၃၅ အချိန်တွင် ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်သူ နှစ်ဦး ကို မူစယ်မြို့ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးကြောင်း နမ့်ခမ်းမြို့ ကျန်းမာရေး ၀န်ထမ်း တစ်ဦးက ဆိုသည်။
“ ခုနမ့်ခမ်းဆေးရုံမှာကျန်နေတဲ့တစ်ယောက်က ရင်ဘတ်နဲ့ ပေါင်မှာ ဗုံးစ ထိမှန်တာ ၊ နက်ဖန်မှ ခွဲစိတ်မှု စတင်မယ် ဒီနေ့မှာလည်း နမ့်ခမ်းမြို့ နိုင်ငံရေးပါတီတွေနဲ့မြို့မိမြို့ဖအဖွဲ့တို့ လာရောက်ကြည့်ရှု အားပေး စကားပြော ဆိုကြတယ် ” ဟု ၄င်းက သျှမ်သံတော်ဆင့်အားပြောပြသည်။
လတ်တလောမကြာခဏ ဗုံးပေါက်ကွဲမှုဖြစ်နေသောနေရာများမှာ မြန်မာအစိုးရတပ်နှင့်တိုင်း ရင်းသားလက် နက်ကိုင် တပ်ဖွဲ့များလုပ်ရှားရာဒေသများတွင်ဖြစ်သည်။
ယမန်နေ့ ဧပြီလ ၃၀ ရက် ၌ ဗန်းမော်ကားလမ်းပေါ် မန့်ဝိန်းကြီးကျေးရွာအုပ်စု (၂) မိုင်ခန့်အကွာ ကိုင်ထောက် ရွာအနီး လက်သည်မပေါ်ဗုံးပေါက်ကွဲမှု ကြောင့် နမ့်ခမ်းမြို့ အောင်မေတ္တာ ရပ်ကွက် နေ မောင်ရင်ထွေးဟော် အသက်(၃၃)နှစ် သေဆုံးပြီး ၊ မမွှေးကြူ ၊ ကွတ်ခိုင်မြို့နယ် ပန်မူ/ပန်ပြိန်း ကျေးရွာနေ မောင်ရင်ထွေးဖ ၊ မောင်ဖုန်းရွှင် အသက် (၂၉) နှစ် တို့က ဒဏ်ရာရရှိကြကြောင်း ကျန်တစ်ဦးမှာ လုံးဝထိ ခိုက် ဒဏ်ရာမှုမ ရှိကြောင်း နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ အကြီးအကဲနှင့်နီးစပ်သူတစ်ဦးထံမှသိရသည်။