သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို အယုံအကြည် မရှိဟုဆိုကာ အားလုံးနှုတ်ထွက်ပေးရန် မေလ တတိယပတ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုမည်ဟု မန္တလေးမြို့မှ ရှေ့နေကြီး ဦးစိန်လှက မဇ္စျိမကို ပြောသည်။
“ပြီးခဲ့တဲ့ ၂ဝ၁၃ ဧပြီလ ၃ဝ ရက်တုန်းက သမ္မတက စက်မှု၊ စိုက်ပျိုး၊ စီးပွားထူးချွန်ဆုတွေပေးခဲ့တဲ့အထဲမှာ လယ်မြေဧက လေးသိန်း မတရားသိမ်းပြီး ဒေသခံတောင်သူတွေကို နှိပ်စက်နေတဲ့၊ တရားမဝင်သစ်တွေ ခိုးထုတ်နေတဲ့ လုပ်ငန်းရှင် တစ်ဦးလည်းပါတယ်။ အဲဒီလို သစ်ခိုးထုတ်နေတာကို အချက်အလက် အထောက်အထား အပြည့်အစုံနဲ တိုင်ကြားခဲ့ပေမယ့် ကွင်းဆင်းစစ်ဆေးတာ၊ အရေးယူတာ မရှိပါဘူး။ မရှိတဲ့အပြင် သူခိုးစားရိုးကမ်းသလို အဲဒီလုပ်ငန်းရှင်ကို ထူးချွန်ဆုချီးမြှင့်ခဲ့တာကြောင့် ဒီအဆိုကို ကျွန်တော်တင်ပြသွားမှာ" ဟု ၎င်းက ပြောသည်။
ယမန်နှစ်က ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ ထူးချွန်ဆုချီးမြှင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ သစ်ခွဲစက်တည်ထောင်ထားသူ ဂရိတ်ဝေါကုမ္ပဏီနှင့် ဟွန်ဒါမြန်မာကုမ္ပဏီပိုင်ရှင်ကို ဆုချီးမြှင့်ခဲ့ခြင်းကို ရည်ညွှန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့နုတ်ထွက်ပေးရန် မေလ တတိယအပတ်၌ ရန်ကုန်မြို့တော်ဝင်နှင်း ဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲလုပ်ရန် စီစဉ်ထားသည်။ သို့သော် တော်ဝင်နှင်းဆီတွင် အဆင်မပြေပါက အခြားနေရာတစ်ခုတွင် ပြုလုပ်ရန် ရွေးချယ်နေဆဲဖြစ်ပြီး သတင်းစာရှင်းလင်းပွဲအတွက် မေလ ၁ရက်က နေပြည်တော်တွင် ခွင့်ပြုမိန့် လာရောက်တောင်းခံခဲ့သည်။
ယင်းကဲ့သို့ သမ္မတအပါအဝင် အစိုးရအဖွဲ့ နုတ်ထွက်ရန် ရှေ့နေကြီး ဦးစိန်လှက သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့ နှုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ခွင့်ကို ၂ဝ၁၃ခုနှစ်ကတည်းကပင် သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ပေ။
“၂ဝ၁၃ ခုနှစ် ကိုးလပိုင်းမှာ ဒီအဆိုလုပ်ဖို့ ထီးချိုင့်မြို့နယ်မှာ နှစ်ကြိမ်၊ နေပြည်တော်မှာ တစ်ကြိမ်ခွင့်ပြုချက် တောင်းခဲ့တယ်။ မရခဲ့ပါဘူး" ဟု ရှေ့နေကြီး ဦးစိန်လှက ပြောသည်။
ရှေ့နေကြီး ဦးစိန်လှသည် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့ နယ်နှင့် ၂ဝ၁၂ ခုနှစ်တွင် မဟာအောင်မြေမြို့နယ်တို့တွင် တစ်သီးပုဂ္ဂလအမတ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ ၁၉၈၉ခုနှစ်၌ ပုဒ်မ ၅(ည)ဖြင့် ရှေ့နေလိုင်စင်အသိမ်းခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်တွင် လိုင်စင် ပြန်လည်ရရှိခဲ့သည်။