ဝပြည်သွေးစည်းရေး တပ်မတော်အဖို့ နအဖ နေပြည်တော်၏ နိုင်ငံရေးလောင်းရိပ်အောက်သို့ ခိုဝင်ရန် တောင်းဆိုချက် အပေါ် တုန့်ပြန်မှုပေးရန် အမြဲဖိအားပေးခြင်းခံလာရသော်လည်း မိမိတို့၏လိုလားချက်များအတွက် နေပြည်တော်ထံမှ အဖြေ မရမချင်း ဝ ဖက်မှ အဖြေပေးရန်မရှိဟု အမည်မဖေါ်လိုသူ ဝအုပ်ချုပ်ရေးနှင့်စည်းရုံးရေးအရာရှိတဦးကဆိုသည်။
“သူတို့ကို ကျနော်တို့မေးတုန်းကတော့ သူတို့အဖြေမပေးခဲ့ဘူး၊ ခုကျတော့ သူတို့မေးခွန်းတွေအတွက်သူတို့အဖြေလိုချင် နေတယ်ဆိုတာ မတရားဘူးလေ” ဟုသူကပြောသည်။
အပစ်ရပ် UWSA သည် မဟာမိတ်အဖွဲ့ဝင်များနှင့်အတူ ၁၉၉၃ မှ ၂၀၀၈ အထိကျင်းပခဲ့သော အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ကြပြီး သံလွင်အရှေ့ဘက်ခြမ်း တရုတ်နယ်စပ်တလျောက် နယ်မြေများအား ဝအုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ပေးရန် အဆိုပြုတင်သွင်းခဲ့သည်။
“အဲဒီအတွက် ကျနော်တို့ ဘာတုန့်ပြန်မှုမှ မရခဲ့ဘူး။ သူတို့ဖွဲ့စည်းပုံအခြေခံထွက်လာတဲ့ အချိန်မှာ ကျနော်တို့ တောင်းဆို ထားတဲ့ အချက်အလက်တွေနဲ့ကိုက်ညီတာ ဘာတခုမှ မရှိဘူး။ ဒီ နအဖရဲ့ ဖွဲ့စည်းပုံ နဲ့ လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ထောက်ခံသလား- ဆန့်ကျင်သလားဆိုတာ ပြောဖို့မလိုပါဘူး။ ကျနော်တို့ အနေနဲ့ တခြားအဖွဲ့အစည်းတွေလို တရားဝင် ထုတ်ပြန်ကြေညာချက် မလုပ်တာပဲရှိတယ်” ဟု၎င်းကဆိုသည်။
ပြီးခဲ့သည့်၂၀၀၈နှစ်ဦးပိုင်းက တောင်းဆိုဆွေးနွေးခဲ့မှုကို အစပြန်ဖေါ်ရန် ၂၀၀၉ ဇန်နဝါရီလ၌နအဖ ကိုယ်စားလှယ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပန်ဆန်းသို့ ထပ်မံလာရောက်ဆွေးနွေးခဲ့ကြောင်း ‚င်းကပြန်ပြောပြသည်။
“ကျနော်တို့ လက်နက်ချဖို့မလိုဘူးတဲ၊့ ဒါပေမဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဒါမှမဟုတ် တပ်နာမည်တခုခုပြောင်းဖို့ ရယ်၊ သက်ကြီး ပိုင်းတွေ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ရယ်-ပြောတယ်။ အရည်အသွေးပိုကောင်းတဲ့ လက်နက်တွေတောင် ကျုပ်တို့ ထုတ်ပေးဦးမယ်။ နောက်ပြီး ကျုပ်တို့ဗမာ့တပ်မတော်ထဲက ပညာတတ်သင်တန်းမှူးတွေခင်ဗျားတို့ကို ကူညီဖို့လွတ်ပေးဦး မယ်လို့ပြောသေးတယ်။ ကျနော်တို့ဆီက ဘာတုန့်ပြန်မမှှုမှမရတော့ ခင်ဗျားတို့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သတင်းတွေထွက်နေတယ်၊ ဒါက ကျုပ်တို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းတဲ့သဘောလားလို့ထပ်မေးတာပေါ့။ အဲဒီမှာလဲ ကျနော်တို့ ခေါင်းဆောင်တွေ ဘာမှ အင်းမလုပ် အဲမလုပ်တော့ သူဘာမှ မရပဲပြန်သွားရတယ်လေ”ဟု အဆိုပါ အရာရှိက ဗိုလ်ရဲမြင့်၏ ပြောစကားကိုပြန်လည်ကိုးကားပြခဲ့သည်။
အကယ်၍ အရေးပေါ်အခြေအနေနှင့်ရင်ဆိုင်ရမည်ဆိုပါက ဝ တပ်မတော်အဖို့ ဖြေရှင်းရန်နည်းလမ်းရွေးခြယ်ထားမူများ ရှိသလား ဆိုသည့်မေးခွန်းအပေါ် ၄င်းက “ရှိပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်ရောက်တဲ့ထိကျနော်တို့ ဘာမှမပြောနိုင်သေးဘူး” -ဟုဖြေကြားသွားသည်။
ဝပြည်သွေးစည်းရေးတပ်မတော် UWSA သည် ယခင်ကထက်ပိုမိုစည်းလုံးညီညွတ်မှုရှိလာပြီး လူမျိုးရေးခွဲခြားရေးလည်းမရှိ၊ ၀ပြည်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံတန်းတူမူကို ဦးစားပေးကြောင်းလည်း ‚င်းက သျှမ်းသံတော်ဆင့်အား ထပ်မံပြောပြ သည်။
၁၉၈၉ ကတည်းက ဝတပ်မတော်သို့ ဝင်ရောက်ပူးပေါင်းခဲ့သော ဝေ့ရှော်ကန်း၏အခဏ်းကဏ္ဍကိုမေးမြန်းရာ ၄င်းက “တကယ််တမ်းဆိုရင် ဝေဟာနောက်ပေါက်ရွှေကြာပင်ပါ၊ သူကစီးပွါးရေးပဲ ဦးစားပေးတယ်လေ၊ နအဖက သူ့ကို စည်းရုံး ဖဲ့ထုတ်လွမ်းမိုးချုပ်ကိုင် ဖို့ကြိုးစားနေတာ ကျနော်တို့သိတာပဲ” ဒါပေမဲ့ ကျနော်တို့ကို သူပစ်မသွားတန်ကောင်းပါဘူး။ နောက်ဆုံး သူကွဲထွက်သွားခဲ့တယ်ဆိုရင်တောင် ကျနော်တို့အတွက်အကြီးအကျယ် ထိခိုက်စရာမရှိပါဘူး” ဟုပြောပြ သွားသည်။
မည်ကာမတ္တငြိမ်းချမ်းရေးအဖြစ် အပစ်ရပ်ခဲ့ခြင်း၏ အကောင်းအဆိုးအကျိုးအပြစ်ကိုလည်း ၎င်းကဤသို့ရှင်းပြခဲ့သည်။
“ခြံုပြီးကြည့်ရင်တော့ အရှံူးထက် ကျနော်တို့ အမြတ်ပိုများတယ်လို့ထင်တာဘဲ ။ ပြည်သူလူထုအဖို့ စစ်မဲ့ဘေးကင်းပြီး ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်နေရတာ ကျနော်တို့ သမိုင်းတလျှောက် ဒါဟာပထမဦးဆုံးပဲ။ လူထုတွေပညာရေး ဗဟုသုတပိုမိုကျယ်ပြန့်လာပြီး ကျန်းမာလာကြတယ်။ တစုံတရာချို့ယွင်းချက်ရယ်လို့ပြောနိုင်တာကတော့ကျနော်တို့ က စီးပွားရေး-ဒေသဖွံ့ဖြိုးရေးကိုဘဲ အသားပေးဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံရေးဖက် သိပ်အာရုံမစိုက်နိုင်တဲ့အချက်ပါဘဲ” ဟု၄င်းကပြောသွားသည်။
မဟာမိတ်တပ်ဖွဲ့များထဲမှ ကချင်ဒီမိုကရေစီသစ်တပ်မတော်( NDA-K) မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA )၊ အမျိုးသားပေါင်းစုံဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-သျှမ်းပြည်အရှေ့ပိုင်း (NDAA-ESS ) နှင့် ဝ တပ်မတော်( UWSA )တို့သည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး (PDF ) ၏ အဖွဲ့ဝင်များဖြစ်ကြသည်။ ၄င်းက “နိုင်ငံရေး အပိုင်းမှာ ကျနော်တို့လုပ်ဖို့ တော်တော်လေးလိုအပ်နေသေးတယ်။ တခြားအပစ်ရပ်တပ်ဖွဲ့ အများစုကဖက်ဒရယ် စနစ်ကို ကြွေးကြော်တောင်းဆိုခဲ့ကြပေမဲ့ ကျနော်တို့ဖက်က နအဖနဲ့ ထိပ်တိုက်တိုးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ယူဆခဲ့ တယ်၊ နောက်ပြီး ၁၉၉၉ အစည်းအဝေးတခုမှာ အဖွဲ့အသီးသီးက နိုင်းငံရေးမူဝါဒလမ်းစဉ်် ရပ်တည်ချက်တွေတင်ပြခဲ့ကြ ပေမဲ့ အားလုံးအတူတကွ သဘောတူလုပ်ဆောင်လို့ရတဲ့ ရည်ရွက်ချက်တွေကိုတော့ မည်သူကမှ မတင်သွင်းနိုင်ခဲ့ကြပါဘူး“ဟုသူကပြန်ပြောပြသည်။
”အဲဒီကတည်းက ဘယ်သူကမှ အလေးအနက်မထားနိုင်တော့ပဲ အချိန်တွေကုန်လွန်ခဲ့တာပါ” ဟု သူကဆက်ပြောသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ မှခွဲထွက်သည်နှင့် ၀ပြည်သွေးစည်းရေး တပ်မတော် UWSA ကို ၁၉၈၉ ဧပြီ ၁၇ရက်နေ့ တွင် ပန်ဆန်းဌာနချုပ်၌ဖွဲ့စည်းထူထောင်ခဲ့သည်။
၀ တပ်ဖွဲ့သည် မူးယစ်ဆေးဝါးနှင့်ပက်သက်လာ၍ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည်။ သို့သော်လည်း လူထုအပေါ်မည်ကဲ့သို့ သြဇာလွမ်းမိုးနိုင်မည်ကို သိလာသည့်နောက်ပိုင်း နအဖအားတော်လှန် တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်အများနှင့် ရံဖန်ရံခါ နားလည်မူယူ ချိတ်ဆက်ပူးပေါင်းလာခဲ့သည်။