ဧရာဝတီနှင့် ရေလှောင်တမံ

ဧရာဝတီနှင့် ရေလှောင်တမံ
by -
မဇ္စျိမ

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ရေအရင်းအမြစ် အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်တယ်။
အလွန်ကြီးမားပြီး မိုင်ပေါင်း ၁၂၄၆ ဒသမ ၂ မိုင်ရှည်တဲ့ ဧရာဝတီမြစ်ကြီးဟာ မြန်မာတစ်ပြည်တည်းပိုင်တဲ့ ရှားရှားပါးပါး အဖြစ်မျိုးရှိတဲ့ မြစ်ကြီးပေပဲ။ ဒီလိုပါပဲ မိုင်ပေါင်း ရ၅၀ ရှည်ပြီး မြန်မာတစ်ပြည်တည်းပိုင်တဲ့ ချင်း တွင်းမြစ်ကြီးလည်း ရှိသေးတယ်။ နောက်ပြီး မိုင်ပေါင်း ၁၇၅၀ ရှည်တဲ့ သံလွင်မြစ်ကြီးဟာ မြန်မာနိုင်ငံ အတွင်းမှာ တစ်ဝက်နည်းပါးဖြတ်စီးပြီး မြန်မာနိုင်ငံကပဲ မုတ္တမကွေ့ထဲကို စီးဝင်တယ်။

မဲခေါင်မြစ်ဆိုတာ မိုင် ၂၇၀၀ ရှည်ပြီး အာရှရဲ့ ခြောက်နိုင်ငံကို ဖြတ်စီးရာမှာ မြန်မာနိုင်ငံ အရှေ့နားနယ်စပ်ကို ကပ်ပြီး မြန်မာ့ပိုင်နက်ထဲ ၀င်ရောက်ဖြတ်စီးသေးတယ်။

အဲဒီလို ၁၂ ရာသီ အမြဲရေစီးနေတဲ့ ဧရာမမြစ်ကြီးတွေရှိရာ မြန်မာနိုင်ငံ လေ၊ ရေ အရင်းအမြစ် ပေါရမှာ ပေါ့။ ဒါထက် ပြည်တွင်းမှာ မိုင် ၃၀၀ နီးပါးကနေ ၃၀၀ ကျော်ရှည်တဲ့မြစ်တွေ အများကြီးရှိတယ်။ မူးမြစ်က ၃၀၀ နီးပါး ၂၇၀ မိုင်၊ စစ်တောင်းမြစ်က မိုင် ၃၀၀၊ မြစ်ငယ်မြစ်က ၃၂၈ မိုင်၊ ရွှေလီမြစ်က ၃၈၀ မိုင်စတဲ့ ၁၂ ရာသီလုံး ရေစီးနေတဲ့ မြစ်အလတ်စားတွေ ရှိတယ်။ မိုင် ၂၀၀ ကျော်တဲ့ မြစ်သာမြစ်၊ တနင်္သာရီမြစ်၊ ကု လားတန်မြစ်၊ မဏိပူရမြစ်တွေလည်း ရှိတယ်။ မိုင် ၁၅၀ ၀န်းကျင်ရှည်တဲ့ ပဲခူးမြစ်၊ ဒုဋ္ဌဝတီမြစ်၊ ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်၊ ယူးမြစ်၊ ဥရုမြစ်တွေ ရှိတယ်။ မြစ်အမည်မခံဘဲ ရှည်လျားတဲ့ ချောင်းကြီးတွေဆိုရင် ယော ချောင်းဟာ ၁၄၈ မိုင်၊ မုန်းချောင်းက ၁၉၆ ရှည်ပြီး ယင်းချောင်း၊ ပင်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း၊ ဘီလူးချောင်း၊ နမ်းလာ လိုင်းချောင်းတွေဟာ မြစ်လိုပဲ ရှည်ကြတယ်။

မြန်မာ့မြေပုံကို သေချာကြည့်ရင် ပြည်နယ်တိုင်း၊ ဒေသကြီးတိုင်းမှာ မြစ်တွေ ချောင်းတွေ ကွန်ရက်လို့ ယှက်ဖြာ များပြားလွန်းတာကို တွေ့ရမှာ ဖြစ်တယ်။

ဒီတော့ ဒီနေ့ကမ္ဘာမှာ ရေအရင်းအမြစ် ရှားပါးမှုနဲ့ ကြံုတွေ့ရတော့မယ်ဆိုပြီး နိုင်ငံအများအပြားက ရေ အရင်းအမြစ်ဆိုင်ရာ ပညာရှင်တွေ စိတ်ပူနေကြရသလို မြန်မာနိုင်ငံအတွက် စိတ်ပူစရာ သိပ်မရှိဘူးလို့ ဆိုနိုင်တယ်။

ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ ကမ္ဘာကြီးက ပူနွေးလာရင် တောင်ထွတ်တွေရှိ ရေခဲတွေ အရည်ပျော် မယ်။ နောက်ထပ် ရေမခဲတော့ရင် နှင်းဖုံးတောင်တွေ လျော့နည်းရာက ပျောက်ကွယ်သွားမယ်။ ဒီလိုဖြစ် ရင် ရေခဲမြစ်၊ ရေခဲချောင်း၊ ရေခဲက ရေအဖြစ် စီးဆင်းနေလို့ ရေအလျင် အဆက်မပြတ်ရရှိနေတဲ့ မြစ်များ ဆိုတာတွေ ရှိပါဦးတော့မလား။ ဒါဆို မေခ၊ မလိ အစရှိတဲ့ ဧရာဝတီမြစ်ကြီးရဲ့ မြစ်များက မြစ်တွေရေစီး လာနိုင်တော့မလား၊ စဉ်ဆက်မပြတ် စိမ့်ပျော်ထွက်လာနေတဲ့ ရေအလျင်တွေ လျော့နည်းလာချိန်၊ မိုးတွေ မြစ်ညာမှာ ရွာသမျှကိုသာ အားကိုးရတဲ့အချိန် မိုးကလည်း နည်းလာတဲ့အချိန်မျိုး ရောက်လာရင် ဧရာဝတီ မြစ်ကြီး အခုလို ၁၂ ရာသီလုံးလုံး စဉ်ဆက်မပြတ် ရေစီးဆင်း နေနိုင်ဦးတော့မလား။ စဉ်းစားကြည့်ပါ။

မြစ်တွေ ချောင်းတွေ ၁၂ ရာသီ စဉ်ဆက်မပြတ် စီးဆင်းနေတဲ့ ရေတွေဘယ်ရောက်သွားသလဲ။ မြစ်ချောင်း တစ်လျှောက် ဘေးဝဲယာကို လျှံထွက်ဖိတ်စဉ် သွားတာလည်း ရှိမယ်။ မြစ်ကြောင်း တစ်လျှောက်လုံး နေပူ ဒဏ်ခံရလို့ ရေငွေ့ပျံ လျော့နည်းတာလည်း ရှိမယ်။ မြစ်ကြောင်း တစ်လျှောက်လုံး ရေအောက်မြေကစုပ်ယူ သွားလို့ လျော့နည်းတာလည်း ရှိမယ်။

မြစ်ဘေးဝဲယာကလူတွေ နည်းမျိုးစုံနဲ့ သုံးပစ်လိုက်လို့ လျော့နည်းတာလည်း ရှိမယ်။ အများဆုံး လျော့သွား တာကတော့ မြစ်ကြီးမြစ်ငယ်က ရေတွေဟာ ပင်လယ်ထဲကို အဆက်မပြတ် စီးဝင်ကုန်ဆုံးသွားတာ အဓိ ကပါပဲ။

ဒါကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ မြစ်ကြီးတွေထဲကရေတွေ ပင်လယ်ထဲအသားလွတ် စီးဝင် ကုန်ဆုံးသွားတာကို ထိုင်ကြည့် မနေကြဘူး။ သင့်လျော်တဲ့နေရာတွေမှာ မြစ်ကိုတမံတုတ်ပြီးတာ ဖို့ပြီး ရေတွေ ဆည်ထားကြတယ်။ ရေလှောင်ကန်တွေနဲ့ သိုလှောင်ထားကြတယ်။ စနစ်တကျ လိုတိုး ပိုလျှော့ လုပ်ပေးနေကြတယ်။

ဒီလို ပင်လယ်ထဲစီးဆင်းသွားတဲ့ ရေတွေ အလဟဿမ ဆုံးရှုံးရလေအောင် ပိုင်နိုင်တတ်ကျွမ်းတဲ့ နည်းပညာ တွေနဲ့ တာတမံကြီးတွေ တည်ဆောက်ပြီး ရေထိန်းတံခါးတွေနဲ့ ထိန်းချုပ်တယ်။ လှောင်လို့ရတဲ့ ရေတွေကို လယ်မြေပေါင်းများစွာဆီ ပို့လွှတ်ပြီး ဆည်ရေသောက် လယ်ယာတွေမှာ သီးနှံရိက္ခာ ပိုတိုးစေတယ်။

မြို့ရွာ လူထုတွေအတွက် သောက်သုံးရေတွေ အမြဲမပြတ်ရအောင် ပေးဝေတယ်။ ရေအားလျှပ်စစ် ဓာတ် အားပေးစက်ရုံတွေ တည်ဆောက်ပေးမယ်။ ရေရှည်အတွက် ကြီးစွာ အကျိုးဖြစ်စေတယ်။ ဒါပေမဲ့ မြစ်ကြီး တွေကိုတားပြီး တာတမံဖို့ ဆည်ဆောက်တဲ့ အလုပ်ဟာ အလွန်ခက်ခဲပါတယ်။ မလုပ်တတ်ရင် အလွန် အန္တရာယ်ကြီးပါတယ်။ တည်ဆောက်ရမယ့်နေရာ အရွေးမှားလို့ကတော့ ပြည်သူများ ဒုက္ခရောက်စေနိုင် တယ်။

ဥပမာ- ဧရာဝတီမြစ်ရဲ့ မေခ-မလိခ မြစ်ဆုံမှာ တာတမံဆောက် ဆယ်ဖို့တယ် ဆိုပါစို့။ အဲဒီ ဆည်က အဲဒီ နားကနယ်မြေကို ဘာတွေဘယ်လောက် အကျိုးပြုလို့လဲ။ ရေတွေလှောင်ထားပြီး ဘယ်လောက် များများ နေထိုင်နေတဲ့ လူဦးရေအတွက် ရေပေးဝေမှာလဲ။ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီး ဘယ်စက်မှုဇုန်၊ ဘယ်အထူးစီးပွားရေးဇုန်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှာလဲ။ အလွန်ဝေးလံတဲ့ဆီကို မဟာဓာတ် အားပေးလိုင်းကြီးတွေ သွယ်တန်းပြီး ပို့လွှတ်ရင် စီးပွားရေး တွက်ခြေကိုက်လို့လား။

အဲဒီလို မြစ်အလတ်စား မိုင် ၂၀၀ ကျော် နဲ့ မိုင် ၃၀၀ ကျော် မြစ်နှစ်စင်းက စီးဆင်းလာတဲ့ ရေထုအင်အားကို တားဆီးနိုင်အောင် ဘယ်လောက်ကြီးကျယ်ခိုင်မာတဲ့ တာတမံကြီးတွေ ဘယ်လောက် အရည်အသွေး ပြည့်မီတဲ့ ဆည်တွေ၊ ဘယ်လောက်ကြာကြာခံအောင် တည်ဆောက်နိုင်လို့လဲ။ ဒီတာကြီးကျိုးရင်ဘယ်လို ကာကွယ်ပြီး ရေလွှဲလမ်းကြောင်းတွေ ဘယ်ကို ဦးတည်ပေးမှာလဲစတဲ့ အချက်တွေကို သေချာတွက်ချက် ဖို့ လိုပါတယ်။

အဲဒီလို လေ့လာမှု၊ သုတေသနလုပ်မှု၊ တွက်ချက်မှုကြီးစွာ အပိုင်လုပ်ပြီးမှ ဧရာဝတီမြစ်ကြီးရဲ့ ဘယ်နားမှာ တာတမံ တည်ဆောက်ပြီး ဘယ်လို ရေကိုသိုလှောင်မှ ဘယ်ဒေသအတွက် ဘယ်လောက် အကျိုးရှိစေ မယ်ဆိုတာ အတိအကျ လုပ်တတ်ရမှာ ဖြစ်ပါတယ်။ လုပ်တတ်အောင် ကြိုးစားပြီး လုပ်ကို လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဒါတွေ လုပ်ဖို့ လိုအပ်နေပြီ။ လုပ်ကို လုပ်ရတော့မယ်ဆိုတဲ့ အသိရှိစွာနဲ့ သတိကြီးစွာထားပြီး အတတ်ပညာ ကြီးစွာနဲ့ လုပ်နိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။