တစ်နေ့လုပ်အားခ အနည်းဆုံး ကျပ် ၈,၅၀၀ ပေးရန် အလုပ်သမား အဖွဲ့အစည်းများ တောင်းဆို

တစ်နေ့လုပ်အားခ အနည်းဆုံး ကျပ် ၈,၅၀၀ ပေးရန် အလုပ်သမား အဖွဲ့အစည်းများ တောင်းဆို
by -
မဇ္စျိမ

အလုပ်သမားတိုင်း တစ်နေ့ အနိမ့်ဆုံး အခြေခံလုပ်ခ၊ လစာကျပ် ၈,၅၀၀ သတ်မှတ်ရန် ဧပြီ ၂၆ နှင့် ၂၇ ရက်က ကျင်းပပြုလုပ်သည့် အလုပ်သမားညီလာခံကြီးက ဆုံးဖြတ်လိုက်ကြောင်း ဧပြီ ၂၈ ရက်က မြန်မာ နိုင်ငံအလုပ်သမားသမ​ဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာ တောင်းဆိုလိုက်သည်။

တစ်နေ့ လုပ်ခ၊ လစာသည် တရားသေမဟုတ်ဘဲ ကုန်စျေးနှုန်းပေါ်မူတည်ပြီး လုပ်အားခ ပြောင်းလဲသတ်မှတ်ပေးရမည်ဟု ဆိုထားပြီး လုပ်အားခပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုချက်ခုနစ်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တောင်းဆိုထားသည့် သတ်မှတ်လုပ်အားခကို အလုပ်သမားများ၊ အလုပ်ရှင်များနှင့်လည်း ထပ်မံညှိနှိုင်း တောင်းဆိုသွားမည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။

“အလုပ်သမားအားလုံးရဲ့ ဆန္ဒတွေကို ကောက်ယူပြီးမှ ဆောင်ရွက်တာဖြစ်ပါတယ်။ အလုပ်သမားတွေ တောင်းဆိုထားတာတွေကို အလုပ်သမားဝန်ကြီးဌာနကို တင်ပြသွားမယ်။ ပြီးရင် အလုပ်ရှင်တွေနဲ့ ထပ်မံ ညှိနှိုင်းမှုတွေ လုပ်သွားပါမယ်။ အနိမ့်ဆုံးလုပ်ခ တစ်ရက် ၈,၅၀၀ သတ်မှတ်တာကို သက်ဆိုင်ရာ ၀န်ကြီး ဌာနရော အလုပ်ရှင်တွေနဲ့ရော ပြန်လည်ညှိနှိုင်းမှုတွေ ဆက်လုပ်သွားမယ်”ဟု ပြောသည်။

အနိမ့်ဆုံးအခြေခံလစာ သတ်မှတ်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဇွန်လမှစ၍ တစ်နိုင်ငံလုံးရှိ အလုပ်သမား အဖွဲ့အစည်းပေါင်း ၁၈၀ က တိုင်းနှင့် ပြည်နယ်များမှ မြို့နယ် ၅၀ နှင့် ရန်ကုန်တိုင်းရှိ မြို့နယ်ပေါင်း ၃၀ တို့မှ အိမ်ထောင်စု ၁၈၆,၄၀၀ ကျော်၏ နေ့စဉ်ကုန်ကျစရိတ်ကို စစ်တမ်းများပြုစုပြီး ယခုကဲ့သို့ တစ်နေ့ လုပ်အားခ ကျပ် ၈,၅၀၀ သတ်မှတ်ခြင်းဖြစ်သည်ဟု ဦးအောင်လင်းက ဆိုသည်။

သို့သော် အလုပ်ရှင်များဘက်ကမူ အဆိုပါသတ်မှတ်မှုသည် များလွန်းသည့်အတွက် ထိုသို့ သတ်မှတ်မည်ဆိုပါက ခြောက်လနှင့် တစ်နှစ်အတွင်း စက်ရုံ၊ အလုပ်ရုံများ အရှုံးပေါ်ပိတ်သိမ်းသည်အထိ ဖြစ်ပေါ် နိုင်သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း အဟန့်အတားဖြစ်စေမည်ဟု လှိုင်သာယာစက်မှုဇုန်မှ အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ထောက်ပြပြောဆိုသည်။

စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လျှပ်စစ်မီး အပြည့်အဝမရရှိခြင်း၊ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်ခြင်းနှင့် မြေစျေးနှုန်းကြီးခြင်းတို့ကြောင့် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် အထက်ပါ လုပ်ခ၊ လစာ သတ်မှတ်မည်ဆို ပါက အခက်အခဲများစွာ ဖြစ်ပေါ်စေမည်ဟု ဆိုသည်။

အနိမ့်ဆုံး လုပ်ခ၊ လစာ ကျပ် ၈၅၀၀ တောင်းဆိုမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “အနိမ့်ဆုံး အခြေခံလစာ သတ်မှတ်ရေးအတွက် ၀န်ကြီးဌာနနဲ့ကော၊ အလုပ်သမားသမဂ္ဂတွေနဲ့ကော ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။ အလုပ်ရှင်၊ အလုပ်သမားတွေအကြား တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်ဖို့ လိုအပ်ပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် သင့်လျော်သောနှုန်းထားမျိုးဖြစ်အောင် ဆွေးနွေးသွားမှာပါ”ဟု ပြောသည်။

အလုပ်ရှင်နှင့်အလုပ်သမားများအကြား အနိမ့်ဆုံးလုပ်ခ၊ လစာသတ်မှတ်ရေးနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် အငြင်းပွားမှုမဖြစ်စေရေး အလုပ်သမားဝန်ကြီးဌာနမှ ကောက်ယူမည့်စစ်တမ်းနှင့် အလုပ်သမားတွေ ကောက်ယူထားသည့် စစ်တမ်းများကို သေချာလေ့လာကာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေရေး ဆောင်ရွက် သွားမည်ဟုလည်း ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးနှင့်ပတ်သက်ပြီး အနည်းဆုံးအခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ် ၃၁ တွင် ပြဋ္ဌာန်းထားသော်လည်း နည်းဥပဒေကို ပြဋ္ဌာန်းရသေးခြင်းမရှိသည့်အပြင် အလုပ်သမား နှင့် အလုပ်ရှင်များအကြား ပြဿနာ များလည်း ပြေလည်မှုမရှိသေးပေ။

အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီမှ အနိမ့်ဆုံးလုပ်ခ၊ လစာကို တစ်ရက် ကျပ် ၅၇၀၀ သတ်မှတ်ပေးရန် အလုပ်သမားမိသားစုများကို မေးမြန်းကာ သုတေသနပြုလုပ် စာတမ်းထုတ်ပြန်ခဲ့ဖူး သည်။ လုပ်ငန်းရှင်များဘက်မှလည်း အနည်းဆုံးလုပ်ခ၊ လစာကို တစ်ရက်လျှင် ကျပ် ၃၀၀၀ မှ ကျပ် ၄၀၀၀ အထိ သတ်မှတ်ပေးရန် ဆန္ဒရှိသည်ဟုလည်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောခဲ့ဖူးသည်။

အလုပ်သမားတို့၏ တောင်းဆိုချက်

  • အလုပ်သမားဥပဒေ မလိုက်နာသည့် အလုပ်ရှင်များကို အစိုးရမှ ထိရောက်သော ပြစ်ဒဏ်ပေးရန်
  • မြို့နယ် ဖြန်ဖြေရေးအဖွဲ့များတွင် အလုပ်သမားကိုယ်စားလှယ်များ ပါ၀င်ခွင့်ပြုရန် လျော်ကြေးယူရန် တိုက်တွန်း သည့် ဖြေရှင်းမူပုံစံအစား အစိုးရမှ အလုပ်သမားအာမခံချက်ပေးသည့် အလုပ်ပြန်လည်ခန့်အပ်ပေးရန်
  • အလုပ်သမားများ ရပိုင်ခွင့်နှင့် ဥပဒေပါ အကျိုးရပိုင်ခွင့်များ နားလည်ရေး ဆောင်ရွက်ပေးရန်
  • ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ပါက သာသနိကအဆောက်အအုံ၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ ဘဝအာမခံချက်များကို ထည့်သွင်းတွက်ချက်ပြီး ရင်းနှီးမြှုပ်နှံမှုမျိုးကိုသာ လက်ခံရန်
  • ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းများကြောင့် ဒေသခံများအတွက် အတတ်ပညာနှင့် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိအောင် ဆောင်ရွက်ပေးရန်
  • အလုပ်သမားသမဂ္ဂ အားလုံးစုပေါင်းပြီး အလုပ်သမားအခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးရန်
  • အနိမ့်ဆုံးအခြေခံ တစ်နေ့လုပ်ခကျပ် ၈,၅၀၀ သတ်မှတ်ပေးရန်
  • ကုန်စျေးနှုန်း အတက်အကျပေါ်မူတည်၍ တစ်နေ့လုပ်အားခ ပြောင်းလဲသတ်မှတ်ပေးရန် တို့ဖြစ်သည်။

Most read this week