အတာကူး၍ နှစ်သစ်ပြောင်းလာသည့်တိုင် မြန်မာပြည်၏ ငြိမ်းချမ်းရေးခြေလှမ်းမှာ မငြိမ်းအေးသေးသော စစ်ရေး၊ လူမှုရေး ပဋိ ပက္ခများကို ယူဆောင်လာနေဆဲဖြစ်သည်။ အချို့က ယုံကြည်ရလောက်သော အပစ်အခတ်ရပ်စဲပြီးမှသာ နိုင်ငံရေးစကားဝိုင်း စတင် သင့်သည် သို့မဟုတ် နိုင်ငံရေး ဆွေးနွေးပွဲကို အရင်လုပ်ဆောင်ပြီးမှ အပစ်ရပ်ခြင်း ပြုလုပ်သင့်သည်ဟူ၍ မတူညီကြ သော တွေးခေါ်မြော်မြင်မှု များစွာကိုယ်စီ ရှိကြပေသည်။
၂နှစ်ကျော်ကြာ မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့များ အပစ်အခတ်ရပ်စဲလာ နိုင်ခဲ့သည့် အချိန်အပိုင်းအခြားတစ်ခုတွင် မြန်မာ့တပ်မတော်သည် အပစ်ရပ်နယ်မြေဖြစ်သည့်ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင်ပင် တပ်မ(၂၂)၊ (၄၄)ကို နေရာချထားနေဆဲဖြစ်သည်။ ကချင်နှင့် ရှမ်းပြည်နယ် များတွင်မူ တပ်မ(၁၁၊ ၃၃၊ ၅၅၊ ၆၆၊ ရ၇၊ ၈၈နှင့် ၉၉)တို့မှာ နေရာယူဖြန့် ကျက်ထားသည့်အပြင် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များနှင့် လည်း ပူးပေါင်းစစ်ဆင်နေကြောင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြေညာချက်ထုတ် ပြန်ခဲ့သည်။ စစ်ရေးစစ်ရာနှင့် ပတ်သက်လျှင် အစိုးရတပ်ဖက်က သတင်းထုတ်ပြန်ရိုးမရှိသည်မှာ ဖြစ်ပွားနေသော ပြင်းထန်သည့် တိုက်ပွဲများကို ကျူးကျော်သူများဟု ၀န်ခံသည့်သဘော သက်ရောက်နေသည်။
တအူတုံဆင်း တမြေတည်းနေ တရေတည်းသောက်လာခဲ့ကြသော မြန်မာပြည်ဖွား တိုင်းရင်းသားများမှာ ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်မှုကို နှစ်ပေါင်းများစွာ တောင့်တမျှော်လင့်နေကြသည်။ မြန်မာပြည်သည် ပြည်ပက လာရောက်ကျူးကျော်မှုများမရှိဘဲ ပြည်တွင်း၌ပင် စစ်မက်ဖြစ်ပွားနေပြီး နိုင်ငံရေးအရ အဖြေရှာမရနိုင်ဘဲ ဖြစ်နေသည်မှာ အရိုးစွဲလာနေခဲ့သော အာဏာရှင်အုပ်ချုပ် မှုကြောင့်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ ပြည်ထောင်စုနှင့် ဖက်ဒရယ်။ “တော်လှန်ရေး” ဟူသောစကားလုံးအပေါ် ညှိနှိုင်းဆွေးနွေးမှုများနှင့် ကြန့်ကြာနေပေရာ တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြ သော ပြည်သူပြည်သားများအတွက် ရတက်မအေးစရာ ဖြစ်လာသည်။
လက်ရှိအချိန်တွင် အစိုးရသည် ၎င်းတို့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားကြသော မည်သည့်တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကိုမျှ မတရားအသင်းမှ ပယ်ဖျက်ကြောင်း ကမ္ဘာသိ၊ တိုင်းသိပြည်သိ ကြေညာသေးသည် မဟုတ်။ ရာစုနှစ်တစ်ဝက်ကျော် နိုင်ငံရေးအရ အနိုင်ကျင့် နှိပ်စက် လှည့်ဖြားမှုကို ခံလာခဲ့ကြရသူများအဖို့ အပေါ်စီးက ကျူးလွန် အုပ်ချုပ်ခဲ့သူကို ချက်ချင်း ယုံကြည်ကိုးစားဖို့ရာ မဖြစ်နိုင်ပေ။ ထို့အတွက် လူတန်းစား အလွှာအသီးသီးကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စေတနာမှန်စွာ ဆောင်ရွက်ကြရန် တွင်တွင် ပြောဆိုနေကြခြင်းဖြစ်သည်။
မကြာသေးမှီက ကွယ်လွန်သွားသူ ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်က “အပစ်ခတ်ရပ်စဲပြီးရင် တပ်တွေ ရွှေ့ရမယ်။ တပ်တွေ ခွါရမယ်။ တပ်တွေခွာပြီးတော့ သေနတ်တစ်ကမ်းကိုမရှိမှ သေနတ်ပစ်လည်း မရတော့ဘူး။ ဆိုတော့ အသံပဲ ထွက်ရင် ထွက်မယ်။ လူမသေတော့ဘူး။ ဒါက အပစ်ခတ်ရပ်စဲရေးဖြစ်တယ်။”ဟု ပြောဆိုသွားခဲ့သလို ဖက်ဒရယ်တပ်ကို လိုလားသည့် (UNFC)ကလည်း ထိုးစစ်များ ဆင်နွဲနေသည့် အစိုးရတပ်ရင်းတပ်ဖွဲ့များအားလုံး ပြန်လည်ရုပ်သိမ်းရန်နှင့် ရေရှည်တည်တံ့၍ ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေးကိုဖော်ဆောင်ရန် တိုက်တွန်းလျှက်ရှိသည်။
စစ်ပွဲဟူသည် ပါ၀င်ပတ်သက်သမျှ အဖက်ဖက်ကို ထိခိုက်သေကြေ ပျက်စီးစေသည်။ ၎င်းအပြင် စစ်ဖြစ်ပွားရာ နယ်မြေဝန်းကျင် တစ်ခွင်ရှိ ပြည်သူလူထုမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် စစ်ပြေးဒုက္ခသည်များအဖြစ် မိမိတို့၏ဘဝကို ရှင်သန်နေကြရ သည်။ အထူးသဖြင့် တိုင်းရင်းသူများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိုပါ အစိုးရတပ်ဖွဲ့ဝင်များက ကျူးလွန်နေသည်မှာ ဒီမိုကရေစီစနစ်ကို ဦးတည်သွားနေပါသည် ဆိုသောစကား ကို မျက်နှာလွဲခဲပစ် လျစ်လျူရှုရာရောက်သည်။ ယခုဆိုလျှင် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကိစ္စရပ်မှာ ကုလသမဂ္ဂရှိ ကမ္ဘာ့ခေါင်းဆောင်များအကြား ဆွေးနွေးစရာခေါင်းစဉ်တစ်ခုဖြစ်လာ သည်။ သို့ဖြစ်ရာ မရပ်တန့်သေးသော၊ အကျည်းတန်နေဆဲဖြစ်သော ပြည်တွင်းစစ်၏ အနိဠာရုံများကို သမိုင်းတွင်အောင် ဖျောက်ဖျက်ဖို့ အရေး မည်သူတို့တွင် တာဝန်ရှိပါသနည်း။ သန့်ရှင်းသော၊ ကောင်းမွန်သော အရပ်သား အစိုးရအဖြစ် တိုင်းသူပြည်သားများ ယုံကြည်လက်ခံရန် အဆိုပါပဋိပက္ခအလုံးစုံကို လက်တွေ့ကျကျနှင့် ကမ္ဘာသိအောင် အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ပြီး သို့မှသာလျှင် ခိုင်မာ၍ တည်တံ့သော ငြိမ်းချမ်းရေးခြေ လှမ်းများ ဟန်ချက်ညီညီ လှမ်းချီနိုင်မည်ဖြစ်ပေသည်။