မန်ဝိုင်းကြီး ကယ်ဆယ်ရေး စခန်းများတွင် နေရာ မလုံလောက်၍ ဒုက္ခသည်များ နေအိမ်ပြန် လိုပါက စီစဉ်ပေးရမည့် အခြေအနေဖြစ်နေ

မန်ဝိုင်းကြီး ကယ်ဆယ်ရေး စခန်းများတွင် နေရာ မလုံလောက်၍ ဒုက္ခသည်များ နေအိမ်ပြန် လိုပါက စီစဉ်ပေးရမည့် အခြေအနေဖြစ်နေ
by -
မဇ္စျိမ

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ် မန်ဝိုင်းကြီးကျေးရွာအုပ်စု၊ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများတွင် ဒုက္ခသည် ဦးရေ ထပ်မံတိုးမြှင့်  လာရာ နေရာချထားရန် အခက်အခဲ ဖြစ်နေသည့်အတွက် ဒုက္ခသည်များ နေအိမ်ပြန်လို ပါက စီစဉ်ပေးရမည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု ကယ်ဆယ်ရေးစခန်းများကို  ထောက်ပံ့ပေးနေသည့် ဂရုဏာအသင်း မှ တာဝန်ခံ ကိုနော်ဒင့်က မဇ္စျိမကို ပြောသည်။

ကိုနော်ဒင့်က “ ဒုက္ခသည်တွေက ထပ်တိုးလာတယ်ဗျာ၊ အဲဒီတော့ နေရာအခက်အခဲ အရမ်းကျပ်တည်း နေတယ်။ ရွာနီးတဲ့သူတွေက ကိုယ့်အိမ်ကို ကိုယ်ပြန်ချင်နေကြပြီ၊ အခုက သူတို့သဘောပဲ။ ကျွန်တော်တို့လည်း အခြေအနေကို မနည်းထိန်းထားရတယ်၊ သူတို့ ပြန်ချင်တယ်ဆို စီစဉ်ပေးရမယ်"ဟု ပြောသည်။

မန်ဝိုင်းကြီး ကျေးရွာအုပ်စု အတွင်းရှိ ကယ်ဆယ်ရေးစခန်းလေးခုတွင် ၂၀၁၄ ခုနှစ် ဧပြီ ၁၀ ရက်မှ ၁၂ ရက် တွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ပြေးရှောင်သူ ၃၆၀၀ ခန့်ရှိပြီး၊ ဧပြီလ ၂၁ ရက်တွင် တပ်လမ်း ကြောင်းများ သွားလာမှုကြောင့် မန်ဝိုင်းကြီး  အနီးရှိ ရွာများမှ ဒေသခံ ၂၀၀၀ ၀န်းကျင်ခန့် ထပ်မံပြောင်း ရွှေ့လာခဲ့သည်ဟု ကိုနော်ဒင့်က ၎င်းမှတ်ထားသော စာရင်းများအရ ပြော သည်။  ယင်းအပြင်ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လာရောက် ခိုလှုံနေသူ ၄၀၀၀ ကျော်ခန့်ရှိသည်။

ကိုနော်ဒင့်က “တချို့ကတော့ နေအိမ်အနီးက ထိုးစစ်ဆင်တဲ့နေရာတွေမှာ စစ်သားတွေ ရှိသေးလို့ မပြန်ရဲဘူး၊ တချို့ကတော့ မန်ဝိုင်းကြီး စခန်းနဲ့လည်း နီးတယ်ဆိုတော့ပြန်မယ်ပေါ ့ ”ဟု ပြောသည်။

ကချင် အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် ရွာဒေသခံများကို နှစ်ဖက် တပ်များမှ ဖမ်းဆီးမှုများ၊ စစ်ဆေး မှုများ ရှိသဖြင့် ကယ်ဆယ် ရေး စခန်းများတွင်သာ နေစေလိုပြီး ခက်ခဲနေမှုများကို ၀ိုင်းဝန်း ဖြေရှင်းနိုင်ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်တွင်မူ နေရာ အခက်အခဲကြောင့် ပြန်လိုပါက ပြန်နိုင်ရန် စီစဉ်ပေးရခြင်း ဖြစ်သည်။

မန်စီမြို့နယ်တွင်း တိုက်ပွဲများမှ စစ်ဘေးရှောင်လာသည့် ဒုက္ခသည်များကို ခိုလှုံခွင့် ပေးထားသည့် မန်ဝိုင်းကြီးရှိ ကယ်ဆယ်ရေး စခန်းများဖြစ်သည့် ကတ်သလစ်ဘုရားရှိခိုးကျောင်း၊ နှစ်ခြင်းအသင်းတော်ကျောင်း၊ လကပ်ရောင်၊ ခါခွပ်စွပ် စခန်းများမှာ ကချင် အရပ်ဘက်အဖွဲ့အစည်းများ၊ ကျေးရွာများမှ စုပေါင်းချက်ပြုတ် စားသည့် စနစ်ဖြင့် စားနပ်ရိက္ခာ အဓိက ကူညီပေးနေခြင်း ဖြစ်သည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒုက္ခသည်ဦးရေ တိုးများလာသဖြင့်  ကုလသမဂ္ဂမှ အကူအညီ များ ရရှိရန် ကချင်အရပ်ဘက်အဖွဲ့အစည်းများက ဆွေးနွေးမှုများပြုလုပ်နေပြီး ရှမ်းပြည် နယ်စပ်မှတစ်ဆင့် မန်ဝိုင်းကြီးစခန်းများသို့ ကူညီပေး လျက် ရှိသည်ဟု ကယ်ဆယ်ရေးစခန်းတာဝန်ခံများက ဆိုသည်။

Most read this week