မွန်စာပေ သင်ကြားရေးကို ဖွံ့ဖြိုးရေး အချိန် ဖြင့်သာ ချွေးသိပ် ခဲ့လေသလား

မွန်စာပေ သင်ကြားရေးကို ဖွံ့ဖြိုးရေး အချိန် ဖြင့်သာ ချွေးသိပ် ခဲ့လေသလား
by -
ရွှေဟင်္သာ

လာမည့် စာသင် နှစ်တွင် ကျောင်းချိန် အတွင်း မွန်စာပေကို အခြေခံ ပညာ မူလတန်း အဆင့်၌ သင်ကြားခွင့် ပြုမည်ဟု ပထမ အကြိမ် မွန်ပြည်နယ် လွှတ်တော် အဋ္ဌမ ပုံမှန် အစည်း အဝေးမှ အတည်ပြု လိုက်သည့် သတင်းသည် မွန်အရေး လှုပ်ရှားသူ များနှင့် မွန်စာပေ အရေး လှုပ်ရှားသူ များအတွက် မင်္ဂလာ သတင်းကောင်း တပုဒ်ဟု ဆိုရ ပေလိမ့်မည်။

၄င်း ပြဌာန်းချက် အရ လာမည့် ၂၀၁၄-၁၅ ပညာ သင်နှစ်တွင် အခြေခံပညာ မူလတန်း အဆင့် အထူး သဖြင့် သူငယ်တန်း အဆင့် ၊ ပထမတန်း အဆင့်နှင့် ဒုတိယတန်း အဆင့် (၃) ဆင့် ကို မွန်စာပေကို ဖွံ့ဖြိုးရေး အချိန်တွင် စတင် သင်ကြားမည် ဖြစ်သည်။

mon phophtaw

မွန်စာပေနှင့် ယဉ်ကျေးမှု မတိမ်ကော မပပျောက်ရေး၊မွန်လူမျိုး မပပျောက်ရေး မွန်တို့ ကြမ္မာ မွန်တို့ ဖန်တီးခွင့် ရှိရေး စသည့် ရည်မှန်း ချက်၏ တစိတ် တပိုင်း အဖြစ် မွန်စာပေကို မွန်ပြည်နယ် အတွင်း  တရားဝင် ဘာသာ တခု အဖြစ် သတ်မှတ် ပေးရန် ၁၉၄၇ ခုနစ် ကတည်းက မွန်လူမျိုး တရပ်လုံး အစဉ်အဆက် တောင်းဆို နေသည့် အချက် တခု ဖြစ်သည်။

တရားဝင် ဘာသာဟု ဆိုရာတွင် မွန်စာကို ကျောင်းချိန် အတွင်း သင်ကြားခွင့် ရှိရန်နှင့် မြန်မာစာနှင့် ယှဉ်၍မွန်စာကို  ရုံးသုံးစာ အဖြင့် သုံးခွင့် ရှိရန်တို့ ဖြစ်သည်။

 လူမျိုး တမျိုး၌ မိမိတို့ စာပေနှင့် ယဉ်ကျေး မှုကို သင်ကြားခွင့်၊ ထိန်းသိမ်းခွင်၊့ တိုးတက် ပြန့်ပွားအောင် လုပ်ပိုင်ခွင့် ရှိသည်ဟု အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်းတွင် အတိအကျ ဖော်ပြ ထားသော်လည်း  ဤအခြေခံ ရပိုင်ခွင့်ကို မွန်တို့ မခံစားရပေ။

မွန်ပြည်နယ်ဖြစ်ပါလျက်မွန်ရွာဖြစ်ပါလျက််မွန်စာပေသင်ကြားခွင့်မရှိပေ ကျွှနု်ပ်တို့မွန်ကလေးများ သည်မွန်စာအစားကလေးဘဝတွင်  တခါမှမကြားဖူးသည့်မြန်မာစာမြန်မာစကားကိုသင်ကြားရသည်။မွန်လူမျိုးပင်ဖြစ်လင့်ကစားမွန်စာပေအားသင်ကြားခွင့်ပိတ်ပင်ခံရခြင်းသည် လူမျိုး တစ်မျိုး အနေဖြင့် အလွန်ရင်နာစရာကောင်းလှသောဖြစ်အင်ဖြစ်ပေသည်။

တချိန်က ကိုယ်ပိုင် ထီးနန်းနှင့် ကျငှန်းနှင့် ကမ္ဘာ့ အလယ်တွင် ၀င့်ဝါစွာ နေလာ ခဲ့သည့် ကျွှနု်ပ်တို့ မွန်လူမျိုးသည် ယခု အချိန်တွင် မိမိတို့ မွန်စာပေ ကိုပင် မိမိတို့ လွတ်လွတ်လပ်လပ် သင်ကြားခွင့် မရှိသည့် ဘဝကို ရောက်လာ ခဲ့ရသည်။

ကိုလိုနီ ခေတ်၌ ဒို့ဗမာ အစည်းအရုံး ကြွေးကြော် ခဲ့သည့် “ဗမာ စာသည်ဒို့စာ၊ ဗမာ စကားသည် ဒို့စကား” ဆောင်းပုဒ် အတိုင်း လွတ်လပ်ရေး ရပြီး  တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဒို့အရေး တတွင်တွင် ကြွေးကြော် နေသည့် ခေတ်တွင် မွန်လူမျိုးတို့ အနေဖြင့် ”မွန်စာသည် ဒို့စာ”ဟု အော်ခွင့် မရှိသည်မှာ ရင်နာစရာ ကောင်းလှ ပေသည်။ လွတ်လပ်ရေး အတူ တိုက်ခဲ့သည့် အကျိုး ရလာဒ်များလား ဟုစဉ်းစားမိသည်။

ထို့ကြောင့် မွန်တို့သည် မိမိတို့၏ မွေးရာပါ အခြေခံ အခွင့်အရေး ဖြစ်သည့် မွန်စာပေ သင်ကြားခွင့် အပါအဝင် မွန်တို့ကြမ္မာ မွန်တို့ ဖန်တီးခွင့် ရရေး အတွက် လွှတ်တော် အတွင်း တိုက်ပွဲ၊လက်နက်ကိုင် တိုက်ပွဲနှင့် လူထုတိုက်ပွဲ ပေါင်းစုံဖြင့် တောင်းဆို တိုက်ပွဲဝင် ခဲ့သည်။

သို့သော် မွန်တို၏ ့တောင်းဆိုချက်ကို ဗမာလူမျိုး အများစု ပါ၀င်သည့် အုပ်စိုးသူ အစိုးရ အဆက်ဆက်က ပယ်ချ ခဲ့သည်။မွန်တို့ တန်းတူ အခွင့်အရေး တောင်းဆို ချက်ကို မွန်နှင့် ဗမာ အတူတူဟု ပါလီမန် ဒီမိုကရေစီ ခေတ်တွင် ၀န်ကြီးချုပ် ဦးနုက တုံ့ပြန် ခဲ့သည်။

သို့သော် ဦးနု၏ ပဆပလ ခေတ်တွင် မွန်စာပေကို ကျောင်းချိန်တွင် သင်ကြားခွင့် ပြုခဲ့ သေးသည်။ ၄င်းအခွင့် အရေးကို တိုင်းရင်းသား စည်လုံး ညီညွတ်ရေး ဒို့အရေးဟု တတွင်တွင် ကြွေးကြော် နေသည့်  ဦးနေဝင်း၏ မဆလ လက်ထက်တွင်  ပိတ်ပင် လိုက်သည။်

ထိုကြောင့် နွေရာသီ ကျောင်းပိတ်ရက် အခြားကလေးများ ပျော်မြုးချိန်တွင် မွန်တို့သည် မိမိတို့ ကလေးများ မွန်စာ တတ်မြောက်ရန် အတွက် မွန်သံဃာတော် များ၏ အကူ အညီဖြင့် ဘုန်းတော်ကြီး ကျေင်း၌ မွန်စာကို သင်ကြား ရသည်။ သို့ပင်လျှင် အချို့ နေရာ၌ ဒေသဆိုင်ရာ အာဏာပိုင် များ၏ ခြိမ်းခြောက်မှုကို ခံရ သေးသည်။

ယခု ဒီမိုကရေစီ စနစ် ရောက်ပြီ ဖြစ်သည့် အတွက် အဲဒီ အခွင့်အရေးကို ရလာ ခဲ့တာဟု  ကျိုက်မရော မြို့နယ် အမှတ် (၂) မဲဆန္ဒ နယ်၏ ပြည်နယ် လွှတ်တော်အမတ်  နိုင်စံတင်က ဆိုသည်။ သို့သော် ဤအခွင့် အရေးသည် မွန်စာကို သူငယ်တန်းမှ ဒုတိယတန်း အဆင့်သာ ရှိပြီး ကျောင်းဖွ့ံဖြိုးရေး အချိန်သာ သင်ကြားခွင့် ပြုသည်။

မွန်စာကို မသင် မနေရ ဘာသာ တခုအနေဖြင့် သင်ကြားခွင့် ပြုသည့် သဘော မတွေ့ရှိ ရပေ။အထူး သဖြင့် ဖွွံ့ဖြိုးရေး အချိန်သာ သင်ခွင့် ပြုသဖြင့် စိတ်ပါ ၀င်စားသူ များသာ သင်သည့် သဘော ရောက်ပေသည်။ ဤအခွင့်အရေး မျိုးသည် ဦးနေဝင်း ခေတ်တွင် အချို့ မွန်ဒေသ၌ သင်ကြားခွင့် ရှိခဲ့သည်။ စာရေးသူ ၈ တန်း ဘဝတွင် ဖွ့ံဖြိုးရေး အချိန်၌ မွန်စာ သင်ကြား ခဲ့ဘူးသည်၊ သို့သော် ဘာသာ တခုအဖြင့် သတ်မှတ် ထားခြင်း မရှိသဖြင် ့  ထိရောက်မှု မရှိပေ။

၄င်းအပြင် မွန်ဘာသာသင် ကျောင်းဆရာ၊ ဆရာမ များကိုလည်း   အစိုးရခန့် ဆရာ၊ ဆရာမ များကဲ့သို့ လစာတူ သတ်မှတ်မည်မဟုတ်ဘဲ အစိုးရ ဘက်မှ တတ်နိုင်သမျှသာ ထောက်ပံ့ သွားမည် ဖြစ်သည့် အတွက် ၄င်းတို့သည် အစိုးရခန့် ဆရာ၊ ဆရာမ များနှင့် တန်းတူမှု မရှိပေ။

ပို၍ အရေးကြီး သည်မှာ မွန်စာပေ သင်ကြားရေး အတွက် ပြည်နယ် အစိုးရ၌ ရန်ပုံငွေ မထားရှိခြင်း ဖြစ်သည်။  မြန်မာ နိုင်ငံ၏ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ တိုင်းရင်းသား စာပေ သင်ကြား ရေးအား တိကျစွာ ပြဌာန်း ထားခြင်း မရှိပေ။ ဤအတွက် ယင်းအစီစဉ်အတွက် အသုံးစရိတ်ကို   ပညာရေး ၀န်ကြီး ဌာန၏ အသုံးစရိတ် ဘတ်ဂျက် ထဲမှ ခွဲတမ်း မထုတ်ယူ နိုင်ပေ။

သို့သော်လည်း မွန်ပညာရေး ရန်ပုံငွေ ကဲ့သို့ ရန်ပုံငွေ တစ်ရပ်အား ထူထောင် ထားရှိ ခြင်းကို ပြည်နယ် လွတ်တော်နှင့် ပြည်နယ် အစိုးရ အဆင့်တွင် လုပ်ဆောင် နို်င်ပါသည်။

တစ်နည်း အားဖြင့် စဉ်းစား ပါမူလည်း မွန်စာပေ သင်ကြားရေး ရန်ပုံငွေကို ပြည်နယ် လွှတ်တော်၌ မပြဌာန်း လိုက်ခြင်းသည် မွန်စာ သင်ကြားရေး ကုန်ကျ စရိတ်ကို မွန်လူထုအား တာဝန်ယူ စေသည့် သဘောများ လားဟု စဉ်းစားစရာ ဖြစ်လာသည်။

နိူင်စံတင် အဆိုအရ ဒီမိုကရေစီခေတ် ရောက်ပြီ ဆိုသည့် ခေတ်တွင် တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့် ကျွှနု်ပ်တို့ နိုင်ငံ၌ တိုင်းရင်းသား ဘာသာ စာပေကို ဘာကြောင့် ပြည်ထောင်စု လွှတ်တော် အဆင့်တွင် မပြဌာန်း နိုင်သနည်း။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဒို့အရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့်ငြိမ်းချမ်းရေး နိုင်ငံရေး ဆွေးနွေးရေး အရိုန်အဟုန်မြှင့်တင်နေသည့် ကာလတွင် ဘာကြောင့် တိုင်းရင်းသား ဘာသာ စာပေ တရားဝင်သင်ကြားမှု နှောင့်နှေး နေရပါသနည်း၊ မေးစရာ မေးခွန်းများ ရှိနေသည်မှာ အမှန်ပင်။

ဧပြီလ ၆ ရက်နေ့က သျှမ်းပြည် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား လက်ခံ တွေ့ဆုံစဉ် တိုင်းရင်းသား များပြားသည့် မြန်မာ နိုင်ငံ အတွက် ဘုံဘာသာ စာပေမှာ မြန်မာ ဘာသာ စာပေသာ ဖြစ်သင့် သည်ဟု  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်သည်ဟု သိလိုက် ရသည်။

မြန်မာ နိုင်ငံ အတွက် ဘုံဘာသာ စာပေမှာ မြန်မာဘာသာ စာပေသာ ဖြစ်သင့်သည်ကို မငြင်းလိုပါ၊ သို့သော် တိုင်းရင်းသားဒေသများတွင် မြန်မာစာနှင့် ယှဉ်ပြီး တိုင်းရင်းသား စာပေကို တရားဝင် ဘာသာ တခုအဖြင့် ရှိနေရ ပါမည်။ သို့မှသာ တိုင်းရင်းသား များကို အသိအမှတ် ပြုရာ ရောက်ပေမည်။ မြန်မာစာ ဘာသာကို  ဘုံဘာသာ စာပေ အနေဖြင့် ထားပြီး တိုင်းရင်းသား စာပေကို ပျောက်ကွယ် သွားအောင် လုပ်နေ ခြင်းသည် တရားနည်းလမ်း မကျသလို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို မတည်ဆောက် နိင်ပါ။

မွန်စာကို လေးတန်း အဆင့်ဆို လုံလောက်ပြီ ဆိုသည့် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် အမြင်မျိုးလည်း မွန်တို့၏ လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။

မည်သို့ ဆိုစေ မွန်ပြည်နယ် လွတ်တော်၏ ဆုံးဖြတ် ချက်သည် မွန်စာ တရားဝင် သင်ကြားမှု၏ အစ ဖြစ်နို်င်သည့် အတွက် ကြိုဆို ပါသည်။ သို့သော် မွန်စာပေ တရားဝင် ဘာသာ တခု အဖြင့် ရောက်ရှိရန် အဆင့် များစွာ ကျန်နေပါသေးသည်။