ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်မူ တိုင်းပြည်အတွက် ဆုံးရှံုးမူကြီးဟု ရခိုင်ခေါင်ဆောင်ပြော

ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်မူ တိုင်းပြည်အတွက် ဆုံးရှံုးမူကြီးဟု ရခိုင်ခေါင်ဆောင်ပြော
by -
နိရဥ္စရာ

မြန်မာပြည်သူများ ချစ်မြတ်နိုးသော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်သွားခြင်းသည် တိုင်းရင်းသားပြည်သူ တစ်ရပ််လုံးနှင့် တိုင်းပြည်အတွက် ဆုံးရှံုးမူကြီး တစ်ရပ်ဖြစ်သည်ဟု ရခိုင်အမျိုးသား ခေါင်ဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်က ပြောကြားလိုက်သည်။

ဧပြီလ ၂၁ ရက် နံနက် ၆ နာရီခွဲ အချိန်  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာပြည်သူတွေ ချစ်မြတ်နိုးသော သတင်း စာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အတွက် ယုဒဿ     န် ခန်းမတွင်     ပြုလုပ်သည့် ဂါရဝ ဂုဏ်ပြုပွဲ အခမ်းအနားမှာ ဦးအေးသာအောင်က နိရဥ္စရာ သတင်းဌာနကို ခုလို ပြောကြားခဲ့သည်။

u win tin 2

"ဦးဝင်းတင်ဟာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ အရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့ အတွက်လည်းဘဲ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ အတွက် တိုင်းရင်း သားပြည်သူ တစ်ရပ်လုံးအတွက်သော်၎င်း၊ တိုင်းပြည် အတွက် သော်၎င်း အလွန်ဆုံးရှံုးနစ်နာမှုဖြစ်တယ်" ဟု ဦးအေးသာအောင်ကပြောသည်။

ဦးဝင်းတင်၏ မြန်မာနိုင်ငံထဲက တိုင်းရင်းသားများအပေါ်မှာ ထားသောစိတ်ဓါတ်ကိုလည်း ဦးအေးသာအောင်က ဆက်ဆိုသည်။

"ဦးဝင်းတင်ဟာ ရှားရှားပါးပါး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မြောက််ဖို့ အတွက် ပြောလည်း ပြောခဲ့တယ်။ ဆောင်လည်း ဆောင်ရွက်ခဲ့တယ်။ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း ပြောလည်း ပြောတယ်။ ဆောင်လည်းဆောင်ရွက်တယ်။ တိုင်းရင်းသားအများက လိုလားနေတဲ့ ရှစ်ပြည်နယ်ကိုလည်း လိုလိုလားလား တကယ်ကို ပြောဆို ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် ဗမာခေါင်းဆောင်တွေ အထဲမှာ အလွန်ရှားပါးတဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တယ်" ဟုဆိုသည်။

"အဓိက မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ကာလ၊ ပြည်တွင်းစစ် ရပ်စဲဖို့- ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ ၊ ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်ဖို့ အခုလို ကြိုးစားနေတဲ့ကာလမှာ တိုင်းရင်းသားတွေဘက်က စိုက်လိုက်မတ်တပ် ရပ်ပြီး ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦး ကွယ်လွန်သွားခဲ့တဲ့အတွက် တိုင်းရင်းသားတွေ ကိုယ်စား အထူးဝမ်းနည်းကြောင်း ပြောကြားလိုတယ်" ဟုလည်း ဆက်ဆိုသည်။

ဦးဝင်းတင်သည် ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရသောခြေအနေတွင် ရန်ကုန်ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေစဉ် ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်မှာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဦးဝင်းတင်သည် ပဲခူးတိုင်း ကြို့ပင်ကောက် မြို့တွင် မွေးဖွားခဲ့ပြီး  ၁၉၅၃ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပ္ပံ ဘာသာ တွဲနဲ့ ဝိဇ္ဇာဘွဲ့ ရခဲ့ကြောင်းသိရသည်။

၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင် ထူထောင်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး  ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရသည့် နောက်ပိုင်း မန္တလေးမြို့မှာ ထုတ်ဝေသော ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် ၁၀ နှစ်နီးပါး လုပ်ကိုင်ခဲ့သည့်နောက် ဟံသာဝတီ ဦးဝင်းတင်အဖြစ် လူသိများ ကျော်ကြားလာခဲ့သူ ဖြစ်သည်။ ဆရာကြီးဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်ဂီတ၊ နိုင်ငံရေး၊ ဆောင်းပါး စာတမ်း ဝေဖန် သုံးသပ်ချက် အစရှိသည်များကို အမြောက်အများ ရေးသားခဲ့သူဖြစ်သည်။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာ သိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်းချိန်မှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ကာ ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့တွင် ဦးဝင်းတင် ဖမ်းဆီး ခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံခဲ့ရသကဲ့သို့ ထောင်အတွင်း နောက်ထပ် ထပ်တိုး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် ခံခဲ့ရသူဖြစ်သည်။ ထို့နောက်၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ခဲ့ပါသည်။

ကွယ်လွန်ချိန် ဆရာကြီးဦးဝင်းတင်အသက် ၈၄ နှစ် ရှိပြီဖြစ်သည်။

Most read this week