ဧပြီလ ၁၂ရက် နံနက် ၂နာရီ ၁၀မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း ဖြူးမြို့နယ် မိုင်တိုင် ၁၁၆တွင် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် တောင်ပြာတန်း ခရီးသည်တင်ယာဉ်နှင့် မတ်တူးယာဉ် တိုက်မိကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၀ ခန့် သေဆုံးခဲ့သည်ဟု ဖြူးအမြန်လမ်းရဲစခန်း၏ မှတ်တမ်းအရ သိရသည်။
တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် တောင်ပြာတန်းအမြန်ယာဉ်သည် အမြန်လမ်း မိုင်တိုင် ၁၁၆ အရောက်တွင် မတ်တူးယာဉ်တစ်စီးကို ကျော်တက်ရမှ တိုက်မိကာ မတ်တူးယာဉ်သည် အမြန်ယာဉ်၏ အောက်သို့ ရောက်ရှိသွားပြီ ကားနှစ်စီးလုံးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ရေးသားထားသည်။
ထိုယာဉ်နှစ်စီးလုံး မီးလောင်ခဲ့သည့်အတွက် မတ်တူးယာဉ်ပေါ်ပါသူ ငါးဦးနှင့် တောင်ပြာတန်းမှန်လုံး အမြန်ယာဉ်ပေါ် ပါသည့် ခရီးသည် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး တောင်ပြာတန်းယာဉ်ပေါ်တွင် ပါသည့် မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် ခရီးသည် ၅ ဦးကို တောင်ငူဆေးရုံတွင် ၁ ဦး၊ ဖြူးဆေးရုံတွင် ၄ ဦး ဆေးကုသမှု ခံယူလျှက်ရှိသည်ဟုဖြူးအမြန်လမ်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက မဇ္စျိမကို အတည်ပြုပြောသည်။
"သေဆုံးသူစာရင်းက အတိကျ မသိရသေးပါဘူး၊ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေဆဲ ရှိပါသေးတယ်၊ ဘယ်သူဘယ်ဝါ သိရတဲ့ သေဆုံးသူဦးရေက (၁၁) ဦးလောက် ရထားပါပြီ"ဟု ဖြူးအမြန်လမ်းရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
တောင်ပြာတန်းမှန်လုံခရီးသည် ယာဉ်သည် ပုံမှန်အားဖြင့် ခရီးသည် ၄၄ ဦး ဆံ့ပြီး ယခုမီးလောင်ခဲ့သည့် ကားပေါ်တွင် ခရီးသည် မည်မျှပါသည်ကိုမူ မသိရှိဟု တောင်ကြီးမြို့ တောင်ပြာတန်းအမြန်ယာဉ်အသင်း ဂိတ်မှူး မချိုက မဇ္စျိမကို ပြောသည်။
"ခရီးသည် ဘယ်လောက်ပါသွားတယ်ဆိုတာ အမတို့လည်း အတိကျ မတိပါဘူး၊ လမ်းမှာ စီးသူတွေလည်း ရှိပါတယ်"ဟု မချိုက ပြောသည်။
မီးလောင်ကျွမ်းသည့် ကားနှစ်စီးကို ဖြူးမြို့ မီးသတ်တပ်ဖွဲ့နှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃နာရီ ၂၀မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု အထက်ပါ ရဲအရာရှိက ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကျော်မျိုးမြင့် ဦးစီးကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။ ယာဉ်ပေါ်တွင် ပါသည့် ခရီးသည်အရေအတွက်နှင့် သေဆုံးသည့် မှတ်တမ်း အတိအကျကိုမူ ဧပြီ ၁၂ ရက် နေ့လည် ၁၂နာရီ အထိ အတည်ပြုချက် မရရှိသေးပေ။