ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ လယ်သမားများနှင့် ယုဇန ကုမ္ပဏီတို့အကြား လယ်ယာမြေ ပြဿနာများ စစ်ဆေးရန်အတွက် ဧပြီလ ၉ ရက်က ကချင်ပြည်နယ်လွှတ်တော်တွင် ကော်မတီ တရပ် ဖွဲ့စည်းရန် အတည်ပြုလိုက်ပြီဟု အဆိုတင်သွင်းခဲ့သူ ဖားကန့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအင်ဖရောင်းဂမ်က ပြောသည်။
ဖားကန့်မြို့ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၈ ဦးပါဝင်သော ကော်မတီကို လယ်ယာမြေ ငြင်းပွားမှုများအား ညှိနှိုင်းဖြေရှင်းပေးစေရန် တောင်သူလယ်သမားများ၏ တောင်းဆိုချက်ဖြင့် ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု မဇ္စျိမကို ပြောသည်။
“ပြည်သူတွေ ပြန်ရဖို့ ဖြေရှင်းပေးဖို့ပါ၊ တချို့တော့ ရပြီ၊ တချို့က မရသေးတာကို ညှိနှိုင်းဖြေရှင်းပေးဖို့ပါ။ ဧက ၁၀၀ကျော်၊ ၂၀၀လောက် ကျန်သေးတယ်။ လုပ်ငန်းက လွှတ်တော်ဥက္ကဋ္ဌ တာဝန်ပေးတဲ့နေ့ကနေ စလုပ်မှာပါ။ မနေ့က ကော်မတီဖွဲ့ဖို့အတွက်ပဲ လွှတ်တော်မှာ အတည်ပြုပြီး ရက်ပေါင်း ၄၀ အတွင်းမှာ ကျွန်တော်တို့ စလုပ်မှာဖြစ်တယ်”ဟု ဦးအင်ဖရောင်ဂမ်က ပြောသည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်းက တောင်သူ ၆၀ ကျော်၏ လယ်ယာမြေများအတွက် လယ်တစ်ဧက ၈သောင်း၊ ယာမြေ တစ်ဧက ၆ သောင်း၊ ဥယာဉ်ခြံမြေ တစ်ဧက ၃ သောင်းနှင့် အိမ်တစ်အိမ်လျှင် ၁ သိန်းကျပ် နှုန်းဖြင့် ကချင်ပြည်နယ် တရားရုံးက လျှော်ကြေးပေးရန် အမိန့်ချခဲ့သည်။
ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု အောင်ရာ၊ ရှရုဇွပ်၊ ဘန်ကောက်၊ နမ့်ဆန်၊ စသည့် ကျေးရွာများမှ လယ်ယာမြေ ဧက ၂၀၀ ကျော်အတွက် ရော်ကြေးပေးရန် ကျန်ရှိနေသေးသဖြင့် ပြန်ရရှိရေးအတွက် ဖြစ်ကြောင်း ယခင်က ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းမှူးစစ်ဌာနချုပ်မှူး၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ တနိုင်း ထကစ မှူး အဆက်ဆက်တို့က ဖြေရှင်းပေးခဲ့သော်လည်း ပြေလည်မှုမရသေးကြောင်း သူက ဆိုသည်။
“ယုဇန ကုမ္ပဏီကို တရားစွဲပြီးမှ နစ်နာကြေးပေးပါဆိုတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဘယ်သူမှ ငွေမယူတဲ့ကိစ္စဖြစ်တယ်။ တချို့က ယူတယ်။ နောက်ဆုံးအဖွဲ့တွေက မယူတာများတယ်။ မျှတမှုမရှိဘူး။ နစ်နာမှု နည်းလို့ မယူကြတာ။ အဲဒါကို ကျွန်တော်တို့ကို တင်ပြလာလို့ ဒါကို ညှိနှိုင်းဖြေရှင်းပေးဖို့ပါ”ဟု ဦးအင်ဖရောင်ဂမ်က ဆက်ပြောသည်။
၂၀၀၇ ခုနှစ်က အဆိုပါ ကျေးရွာများမှ တောင်သူများ၏ လယ်ယာမြေ ဧကပေါင်း ၄ သိန်းခန့်ကို ပီလောပီနံနှင့် ကြံစိုက်ရန်အတွက် ယုဇန ကုမ္ပဏီက သိမ်းယူခဲ့သဖြင့် တောင်သူများက ဧက ၁,၀၀၀ကျော်အတွက် စတင် တရားစွဲဆိုခဲ့သည်။
၂၀၁၂ ခုနှစ် သြဂုတ်ဘလကုန်ပိုင်းက ၎င်းလျှော်ကြေးနှင့် နစ်နာကြေးများအတွက် မကျေနပ်သဖြင့် တောင်သူ များက ရန်ကုန်မြို့ ယုဇန ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန် ရောက်ရှိလာသူများကို ယုဇန ကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့်က သိမ်းယူထားသော မြေဧက ၂ သိန်းကျော်မှ ဧက ၅၀၀၀ ကို ပြန်ပေးမည်ဟု ပြောဆိုခဲ့သည်။
တနင်္သာရီတိုင်း မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့် ပိုင် ယုဇနကုမ္ပဏီသည် ၂၀၀၆ ခုနှစ်က ဆီအုန်း မြေစိုက်ပျိုးရန် ဖြေလွှတ်မြေရှိှုင်းများ ဖော်ထုတ်ရေးအတွက် ယုဇန ကုမ္ပဏီသည် တနိုင်းနှင့် ဖားကန့်မြို့နယ်အတွင်းရှိ လယ်ယာမြေ ဧက ၂ သိန်းကျော် သိမ်းယူခဲ့သည်။