ပညာရည်ချွန်ကျောင်းသား ၃၀ ပညာသင်စရိတ်ထောက်ပံ့မည်

ပညာရည်ချွန်ကျောင်းသား ၃၀ ပညာသင်စရိတ်ထောက်ပံ့မည်
by -
ခိုနူမ်းထုန်

ဇွန်လ မှ ပြန်လည် ဖွင့်လှစ်မည့် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်အတွက် ချင်းပြည်နယ်တဝှမ်းလုံးမှ အဌမတန်းနှင့် စတုတ္တတန်းကျောင်းသားများထဲက ထူးချွန်သူ  ၃၀ အား ပညာသင်စရိတ် ထောက်ပ့ံမည်ဟု သိရသည်။

ချင်းပြည်နယ် (၉)မြို့နယ်မှ ကျောင်းသားများသည် အင်္ဂလိပ်စာဘာသာရပ်နှင့် အပြင်ဗဟုသုတ များကို မိမိတို့မြို့ နယ်အလိုက် ယှဉ်ပြိုင်စေပြီး အလယ်တန်းကျောင်းသား (၁၁)ဦး၊ မူလတန်းကျောင်းသား (၁၉)ဦး စုစုပေါင်း ၃၀ အား ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံကျောင်းသားများထဲက စတုတ္တတန်းကျောင်းသားတဦးကို တလ  ကျပ်ငွေ နှစ်သောင်း၊ အဌမတန်း ကျောင်း သားတဦးကို တလ ကျပ်ငွေ သုံးသောင်း စီဖြင့် ၂၀၁၄ ဇွန်လမှ ၂၀၁၅ မတ်လအထိ လစဉ် ထောက်ပ့ံသွား မည် ဟု သိရသည်။

" နယ်စပ်ဒေသကျောင်းတွေ အထိတော့ မလွှမ်းခြုံနိုင်သေးဘူးလို့ပြော ရမယ်၊ ဆက်သွယ်ရေး အခက် အခဲ၊ ပညာရေး ၀န်ဆောင်မှုအခက်အခဲတွေကြောင့် လည်းဖြစ်နိုင်တယ်" ဟု မတူပီမြို့နယ် စဘောင်းသဲအထက် တန်းကျောင်းမှ ကျောင်းဆရာတဦးက ပြောသည်။

ပညာရည်ချွန်သူကျောင်းသားတွေကို မြို့နယ်အလိုက် ကျောင်းအသီးသီးမှ တဆင့် ရွေးချယ်ပြီး အရည်အချင်း အ ပြည့်မှီဆုံးကျောင်းသားကို ပြန်လည်စီစစ်ရွေးချယ်ခြင်းဖြစ်ကြောင်း ဒေသထုတ်သတင်းစာ The Hakha post ကမူ ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း ပညာရေးပေါ်လစီသစ်များကို အဆင့်လိုက် ပြုပြင်ပြောင်းလဲ နေ ပြီဖြစ်ကြောင်းလည်း သိရသည်။

" ပညာရေး ၀န်ထမ်းအင်အားတိုးချဲ့မှု၊ ကျောင်းတိုးချဲ့မှုတွေ တိုးတက်မှုရှိလာတယ်၊ နောက်ပြီး ယခင်စစ်အစိုးရ လက်ထက်ကလို ကျောင်းသားတွေထံ ငွေကောက်ခံမှုတွေလည်း မရှိသလောက်ဖြစ်နေပြီ " ဟုထန်တလန်မြို့ ပေါ်မှ  ကျောင်းသားမိဘ တဦးက ပြောသည်။

ချင်းပြည်နယ်ပညာရေးဌာန၏ ၂၀၁၃ စာရင်းအရ ချင်းပြည်နယ်တွင် အထက ၃၀၊ အထက ခွဲ ၃၀၊ အလက ၃၅၂၊ အလက ခွဲ ၃၄၊ မူလွန် ၃၅၂၊ အမက ၆၇၇၊ မူခွဲ ၈၊ တွဲမူ ၃၈ ကျောင်းရှိပြီး ကျောင်းသားဦးရေ ၁၂၂၃ ရှိသည်ဟု သိရသည်။