၂၀၀၈ နှစ်လယ်ပိုင်းကစ၍ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းပူးလုံတိုက်နယ်တွင် ဆယ်ကျော်သက်အရွယ် ဒေသခံ အများအပြားမှာ အိမ်ထောင်ပစ္စည်းများပါမကျန် ခိုးယူရောင်းချကာ ကျယ်ကျယ်ပြန့်ပြန့် ယာဘဝယ်ယူ သုံးစွဲခြင်း ခေတ်စားလာကြကြောင်း နယ်စပ်ရောက် မိုင်းပူးလုံဒေသခံ တစ်ဦးကပြောပြသည်။
စီးပွားရေး အကျပ်အတည်းကြား ဆယ်ကျော်သက်အရွယ်မှ လူပျို၊ အိမ်ထောင်သည်၊ အသက် ၅၀ အရွယ်အထိ မိုင်းပူး လုံမှ အမျိုးသားအားလုံးနီးပါးမှာ ခြံထွက်ပစ္စည်းများ သာမက အိမ်ထောင်ပစ္စည်းများပါမကျန် ခိုးယူရောင်းချကာ ယာဘ ၀ယ်သုံးကြသဖြင့် မိသားစုဝင်၊ ဇနီးသားသမီးများအခက်တွေ့နေရသည်ဟုဆို၏။
“သူဌေးသူကြွယ်တွေဆိုရင်လည်း ရွှေ၊ ငွေပစ္စည်းတွေ ခိုးယူသွားရောင်းတာပေါ့၊ လက်လုပ်လက်စားတွေဆိုရင်လည်း အိမ်သုံးပစ္စည်းတွေ၊ ခြံမွေးတိရိစ္ဆာန်တွေပါမကျန် ရောင်းစားတယ်။ တချို့တွေဆို စိုက်ဖို့ချန်ထားတဲ့ သီးနှံမျိုးစေ့တွေ တောင်ယူသွားပြီး ယာဘနဲ့လှဲယူတယ်တဲ့။ အရင်က ထောင်ထောင်မောင်းမောင်းယောက်ျားကောင်းတွေ အခုပိန် ညောင်ရိုးတွေဖြစ်ကုန်ပြီ၊ အနောက်ကကြည့်ရင်မျောက်လောင်းလိုဘဲ” ဟု အဆိုပါဒေသခံကပြောပြ၏။
ပိုဆိုးသည်မှာ သာရေးနာရေးပွဲလမ်း၌လည်း ယာဘဖြင့်လျှို့ဝှက်မဧည့်ခံပါက ကူညီဆောင်ရွက်သူ မရှိသလောက်ရှားပါး သွားကြောင်း ၎င်းကဆက်ပြောပြသည်။
“သာရေးနာရေးပွဲတွေမှာ ပွဲရှင်က ယာဘမချပေးရင် ကူတဲ့လူမရှိသလောက်ဘဲ။ အရင်ကနဲ့လုံးဝမတူတော့ဘဲ ယာဘတွေ ဖောဖောသီသီသုံးစွဲလာကြတယ်။ မြန်မာတီဗွီထဲကကြေငြာနေတဲ့ မူးယစ်ဆေးကင်းစင်ပပျောက်ရေးဆို တာလည်း ဘာမှ အကောင်အထည်ဖော်တာမရှိတဲ့အပြင် အာဏာပိုင်တွေကိုယ်တိုင်က မူးယစ်ဆေးရောင်းဝယ်သုံး စွဲနေကြတော့ဒေသခံ လဲစိတ်တိုင်းကျပေါ့” ဟုဆို၏။
“ရှိတုန်း သောက်ရတာ၊ ဘာမှဂရုစိုက်စရာမလိုဘူး”ဟု ပြောသူများလည်း ရှိသည်ဟုဆိုပါသည်။
ပလောင်၊ ရှမ်း၊ လားဟူလူမျိုးတို့နေထိုင်သော ရွာကြီး ၁၃ ရွာရှိ မိုင်းပူးလုံမြို့တွင် လူဦးရေအနည်းဆုံးဖြစ်သောပလောင် လူမျိုးများက ယာဘ သုံးစွဲမှုအများဆုံးဖြစ်ပြီး လူဦးရေအများဆုံးမှာ လားဟူလူမျိုးတို့ဖြစ်သည်။