နိုင်ငံရေးသိပ္ပံပညာရှင် Igor Blazevic နှင့် မေးမြန်းခြင်း

နိုင်ငံရေးသိပ္ပံပညာရှင် Igor Blazevic နှင့် မေးမြန်းခြင်း
by -
မဇ္စျိမ

“စစ်မှန်တဲ့ဆန္ဒမရှိဘူးဆိုရင် တခမ်းတနားကြီး ထိုးထားတဲ့ လက်မှတ်တွေက အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး”

မြန်မာ့နိုင်ငံရေး အခြေအနေများကို၁၀ နှစ်ကျော် လေလာခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံသို့ လာရောက်နေ ထိုင်နေသူ ယူဂိုဆလားဗီးယားနိုင်ငံသား၊ နိုင်ငံရေးသိပ္ပံပညာရှင် Igor Blazevic ကို သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ်အမြင်၊ အတိုက်အခံ အင်အားစုများအပေါ်အမြင်၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု၏ အရေးပါမှုတို့ကို မဇ္ဈိမ သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံမေးမြန်းထား ခြင်းဖြစ်သည်။

တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများအခြေအနေ၊ ဆွေးနွေးပွဲများ၏ ရလဒ်များကို မေးမြန်းရာတွင်မူ ငြိမ်းချမ်းရေးအတွက် စစ်မှန်သည့် ဆန္ဒများဖြင့် ဆွေးနွေးကြရန်လိုအပ်ပြီး ထိုသို့မဟုတ်ပါ က သဘောတူညီမှုစာချုပ် များ မည်သို့ထိုးစေကာမူ အဓိပ်္ပာယ်ရှိမည် မဟုတ်ဟု သုံးသပ်ပြောဆိုသွားခဲ့သည်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ဘယ်လိုမြင်လဲ။

ကျွန်တော်တို့က အခုတကယ့်ကို အလယ်ကျကျ အခြေအနေမှာ ရောက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကူး အပြောင်းက စစ်အာဏာရှင်တွေကိုယ်တိုင် ပါ၀င် ပြောင်းလဲတဲ့ Top-Down စနစ် နိုင်ငံရေးနဲ့ စီးပွားရေး နယ်နှစ်ခုမှာ ပြောင်းလာတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ခုလုံးကို စစ်တပ်နဲ့ အစိုးရက ခိုင်မာစွာ ထိန်းချုပ်ပြီးသားဖြစ်နေတယ်။

ဦးခင်ညွန့်နဲ့ ဦးသန်းရွှေက ဒီမိုကရေစီကို သွားဖို့ မလုံလောက်တဲ့ နည်းလမ်းတွေနဲ့ မြေပုံဒီဇိုင်း ဆွဲပြခဲ့ တယ်။ အရာအားလုံးကို ဒီမြေပုံတိုင်းသွားတယ်၊ ဖွဲ့စည်းပုံကို ပုံဖော်တယ်။ ထိန်းချုပ်မှုတွေအပြည့်နဲ့ ရွေး ကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အယောင်ဆောင် အရပ်သားအစိုးရအဖြစ် လုပ်ဆောင်ခဲ့တယ်။

ဒါပေမဲ့ တဖြည်းဖြည်းချင်း ပြောင်းလဲမှု လုပ်ဆောင်ခဲ့တယ်။ ပထမဦးဆုံးအနေနဲ့ ဒီမိုကရက်တစ် အတိုက်အခံ ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုလုပ်တယ်။ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေ ကို လွှတ်ပေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကို ပြည့်သူ့စစ်ပြောင်းလဲ ခြင်းနည်းကို ရပ်တန့်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စေ့စပ် ညှိနှိုင်းခြင်းနည်းကို ပုံဖော်ဖိတ်ခေါ်ခဲ့တယ်။ သူ့ရဲ့ စေ့စပ်ညှိနှိုင်းမှုက မြန်မြန်ဆန်ဆန်နဲ့ အပေါင်းလက်္ခဏာဆောင်တဲ့ အဖြေကို ရခဲ့တယ်။

ကျွန်တော့်အနေနဲ့ သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ လေးပွင့်ဆိုင်တွေ့ဖို့ကို မျှော်လင့်ပါတယ်။ သူတို့က အများဆန္ဒနဲ့ ပိုမို ကောင်းမွန်တဲ့ ဖွဲ့စည်းမှု ဖြစ်လာရေးကို ဦးတည်ပြီး ဆောင်ရွက်သင့်ပါတယ်။

ဒီမိုကရေစီကူးပြောင်းရေးကာလ၊ ဖက်ဒရယ်စနစ်ရဲ့ မေးခွန်းတွေ၊ တိုင်းရင်းသားတွေကို ကိုယ်စားပြုမှု တွေအတွက် တွေ့ဆုံမှုက သူတို့လေးယောက်လုံးစီက ကျွန်တော်တို့ လိုအပ်တယ်။

အတိုက်အခံတွေရဲ့ လှုပ်ရှားမှုနဲ့ ရပ်တည်ချက်တွေအပေါ် သုံးသပ်ပေးပါဦး။

ကျွန်တော့်အမြင် ပြောရရင်တော့ အတိုက်အခံတွေ (ဒီမိုကရက်တစ်အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစု) တွေက အပြုသဘောဆောင်ပြီး တာဝန်သိသိနဲ့ ပြုမူလုပ်ဆောင်ခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ အတော်ပြင်းပြင်း ထန်ထန် နာကျင် ခံစားခဲ့ရ၊ စွန့်လွှတ်ခံခဲ့ရတာတွေ ရှိခဲ့ပေ မယ့် ဆွေးနွေးညှိနှိုင်းဖို့ အပေးအယူလုပ်ဖို့ကို လက်ခံခဲ့ကြတယ်၊ တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲဖို့ လက်ကမ်းခဲ့ကြတယ်။

အတိုက်အခံတွေအနေနဲ့ သူတို့ကို အမာခံထောက်ခံနေကြတဲ့ သူတွေရဲ့ အထင်လွဲခံ၊ အငြိုငြင်ခံရမယ့် အန်္တရာယ် တွေကြားကနေပဲ တစ်ဖက်အင်အားစုနဲ့ တွေ့ဆုံဆွေးနွေးပြီး အပေးအယူကို လက်ခံတယ်။ တိုင်းပြည်အနာ ဂတ်အတွက်တာဝန် သိသိနဲ့သူတို့ရဲ့ ရင့်ကျက်မှုကို အမြင့်မားဆုံး ပြသခဲ့တယ်။ဒါပေမဲ့ အတိုက်အခံအုပ်စုတွေ တစ်ခု ချင်းစီ အချင်းချင်း ထိတွေ့ပြောဆိုနေကြ တာတွေ အခုထိ မတွေ့ရသေးဘူး၊ အားလုံး ကဦးသိန်းစိန် အစိုးရနဲ့ပဲ ပြောနေကြတယ်။တကယ်အရေးပါတဲ့ အာဏာအစစ်က ဘယ်မှာရှိ တယ်ဆိုတာကို ကောင်းကောင်း သိထားကြတဲ့အတိုင်း၊ စစ်တပ်နဲ့ ပြောဆို ညှိနှိုင်းဖို့ ဆွေးနွေးဖို့ကိုလည်း ကြိုးစားနေ ကြတယ်။

ဒီလို လုပ်ဆောင်တာတွေက ကောင်း ပါတယ်၊ ဒီနည်းက တဖြည်းဖြည်းပြောင်းလဲမှုကို ချောချောမွေ့မွေ့နဲ့ အထောက်အကူပြု စေတယ်။ ဒါပေမဲ့ တကယ်တမ်း ကြီးကြီးမားမား လိုနေသေးတာက အတိုက်အခံတွေ အချင်းချင်း ဆွေနွေးပြောဆိုတာတွေ မရှိသေးတာပဲ အတိုက်အခံတွေက အစိုးရ၊ စစ်တပ်နဲ့ အပေးအယူ လုပ်ရုံတင် မလုံ လောက်ပါဘူး။

တကယ်လိုအပ်တာက အတိုက်အခံတွေအနေနဲ့ သူတို့အချင်းချင်းကြားမှာ ဆွေးနွေးညှိနှိုင်းပြီး ရှင်းရှင်းလင်း လင်းဖြစ်တဲ့ သဘောတူညီချက်တစ်ခုကို ယူ၊ ပြီးရင် နိုင်ငံရဲ့အနာဂတ်အတွက်တော့ ဘယ်လိုဆောင်ရွက်ပါ မယ်ဆိုတဲ့ ပူးတွဲအမြင်ကို တိုင်းပြည်က ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် ချပြသင့်တယ်။

အတိုက်အခံတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲမှာ နေရာအများစုရလာမယ်ဆိုရင် နိုင်ငံ အနာဂတ်အတွက် ဘယ်လို မျှော်လင့်ချက်တွေ ရှိလာမယ်၊ ဘယ်လို လုပ်ဆောင်ပေး နိုင်မယ် ဆိုတာကို လူထုကိုချပြဖို့ လိုတယ်။

ဒီမိုကရေစီကိုသွားနေတာကို ရာခိုင်နှုန်းအရ သတ်မှတ်လို့ ရမလား။

ရာခိုင်နှုန်းနဲ့တော့ တိုင်းတာလို့ မရဘူး ထင်တယ်။ တကယ်ဆို မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အပြည့်အဝ ရှိမယ့် နိုင်ငံဖြစ်လာမလား၊ ဒါမှမဟုတ် လက်ရှိအပြောင်းအလဲတွေက အခြားရလဒ်တစ်ခုဆီကို ဦးတည် သွားနေတာလားပေါ့ ဒါကိုကြည့်ရမယ်။

မြန်မာနိုင်ငံက စစ်အာဏာရှင်အုပ်ချုပ်ရေးကနေ အခြားတစ်ခုကို ပြောင်းနေပြီ၊ ဒါပေမဲ့ အဲ့ဒီအခြားတစ်ခုက ဘာလဲ၊ အလွန်အင်အားချိနဲ့ပြီး ကျိုးလွယ်ပျက်လွယ် တဲ့ ဒီမိုကရေစီကနေ တဖြည်းဖြည်း ခိုင်မာလာတာမျိုးလည်း ဖြစ်နိုင်တယ်။ နိုင်ငံကို ခေတ်မီဖွံ့ဖြိုးအောင် လုပ်ရင်း စိတ်ရင်း စေတနာကောင်းတဲ့ အာဏာရှင် တစ်ဝက်နိုင်ငံ ဖြစ်လာမယ်၊ နောက် ၁၀ နှစ်၊ ၁၅ နှစ်ကြာရင် ဒီမိုကရေစီနိုင်ငံဖြစ်လာမယ်။

နောက်တစ်ခုကတော့ သိပ်နှစ်လိုဖွယ် မကောင်းပေမယ့် တော်တော်ဖြစ်နိုင်ခြေရှိတယ်။ နိုင်ငံက သယံဇာတ ကြွယ်ဝတော့ အဂတိလိုက်စားပြီး မသမာတဲ့ အာဏာရှင်တစ်ပိုင်း အစိုးရ ဖြစ်လာနိုင်တယ်။

နိုင်ငံရဲ့ အပြောင်းအလဲ စပ်ကူးမတ်ကူးကြားကာလဖြစ်စဉ်တွေမှာ ယခင်အစိုးရ လက်ထက်မှာ ဖွဲ့စည်းထား ပြီးဖြစ်တဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေရဲ့ အကျိုးစီးပွားကိုပဲ ပုံဖော်ဖန်တီးသွားလိမ့်မယ်၊။ အခု ယူက ရိန်းမှာဖြစ်နေသလို နိုင်ငံရေး ပါတီတွေအကြား ဒီမိုကရက်တစ်ပြိုင်ဆိုင်မှုဆိုတာကလည်း တကယ်တမ်းမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက နိုင်ငံအာဏာကို အသုံးချပြီး သူတို့ရဲ့လက်ဝါးကြီးအုပ် စီးပွားရေး အကျိုးအမြတ်အတွက် ပြိုင်ဆိုင်နေမှု တွေသာ ဖြစ်တယ်။ ဒီ့ထက်မပိုပါဘူး။

စပ်ကူးမတ်ကူးဖြစ်စဉ်မှာ လစ်ဘရယ် မဆန်၊ ဒီမိုကရက်တစ်လည်း မဟုတ်တဲ့ လူကြိုက်များတဲ့ အမျိုးသာရေး အင်အားစုတွေက အာဏာရပြီး ဒီမိုကရေစီနည်းမကျတဲ့ သမ္မတ တက်လာမယ်၊ ဒီလိုအုပ်ချုပ်ရေး မျိုးလည်း ဖြစ်သွားနိုင်တယ်။

ဒါမှမဟုတ် ပါကစ္စတန်နဲ့ ထိုင်းနိုင်ငံတို့မှာလို ဖရိုဖရဲ ဗရမ်းဗတာ အပြစ်အနာ အဆာဗရပွနဲ့ အဂတိလိုက် စားတဲ့ခေတ် ကာလ၊ မကြာခဏ စစ်တပ်အာဏာသိမ်းမှုတွေရှိတဲ့ ကာလမျိုးလည်း ဆိုက်သွားနိုင်တယ်။ ကံမကောင်းအကြောင်းမလှရင် အလွန်အင်မတန် အကျည်းတန်ရုပ်ဆိုးပြီး ကြီးမားကျယ်ပြန့်တဲ့ အမှောင် ဆုံး အဖြစ်ဆိုးမျိုးဆီကိုလည်း ရောက်မသွားဘူးလို့ မပြောနိုင်ဘူး။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရပြီးရင် နောက်ဆက်တွဲ ဘာဖြစ်လာမလဲ၊အစိုးရရဲ့ ကမ်း လှမ်းချက်တွေကိုရော တိုင်းရင်းသားအဖွဲ့တွေက လက်ခံမယ်ထင်လား။

ကျွန်တော် မြင်နေကြားနေရသလောက် တော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေက တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အပေးအယူလုပ်ဖို့ အတော်လေးအသင့်အနေအထား ရှိနေကြပုံပါပဲ။

အဲ့ဒီအမြင်နဲ့ကြည့်ရင် အပစ်ရပ်ရေးကို သူတို့လက်ခံကြလိမ့်မယ်၊ ဒါပေမဲ့ လွန်စွာအရေးကြီးတဲ့ အောက်ခံ အကြောင်းအရင်း တစ်ခုတော့ရှိတယ်။ အစိုးရနဲ့ စစ်တပ်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကို စစ်မှန် တဲ့ဆန္ဒမရှိဘူးဆိုရင် တခမ်းတနားကြီးထိုးထားတဲ့ လက်မှတ်တွေက အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး၊ လတ်မှတ် ရေးထိုးပွဲကြီးက ဗဟိုချုပ်ကိုင်မှုကို စွန့်လွှတ်ပြီး ဖက်ဒရယ်မူ ကျင့်သုံးရေးအတွက် တွေ့ဆုံတာဆိုရင်တော့ အောင်မြင်မှုတစ်ခုပဲပေါ့၊ ဒီလိုမှ မဟုတ်ရင်တော့ လက်မှတ်တွေက ဘာအဓိပ္ပာယ်မှရှိမှာမဟုတ်ဘူး။ ကြာကြာလည်း ခံမှာမဟုတ်ဘူး။

အစိုးရလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ နဲ့ ပတ်သက်လို့ ဘယ်လို သဘောရသလဲ။

ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များက အခြေခံကျတဲ့ ပြောင်းလဲမှု မဖြစ်မနေ လိုအပ်တာကိုယုံကြည်ရ ပါမယ်။ ကျွန်တော် တို့ဟာ လူဖြူလူမည်း ခွဲခြားမှုကို တိုးတက် ကောင်းမွန်လာအောင် လုပ်လို့မရနိုင်ပါဘူး။ အဲ့တာကို လက်ခံလာအောင်လည်း လုပ်လို့ မရပါဘူး၊ ကျွန်တော်တို့က အခြေခံကျတဲ့ ပြောင်းလဲမှု လုပ်မယ်လို့ပဲ ယုံကြည်ကြပါ တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း အဲဒီစကား အတိုင်းပဲ အရင်က စစ်အစိုးရဟောင်းကိုတော့ ရွေးကောက်ပွဲ ပုံမှန်လုပ်ပေး၊ အဲဒီ ရွေးကောက်ပွဲတွေမှာလည်း ကန့်သတ်ထားတဲ့ စည်းကမ်းပြည့်ဝသော လွတ်လပ်ခွင့်တွေကို ရှိစေပြီး ဒါပေမဲ့ ရွေးကောက်ပွဲမှာ သွားနိုင်မယ့် ပါတီက အာဏာရပါတီပဲ။ ရုရှားမှာ ပူတင်က အမြဲတမ်း အနိုင်ရသလိုကမ္ဘောဒီးယားမှာ ဟွန်ဆန်က အမြဲနိုင်နေတယ်။ အဲ့လိုပဲ (အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ) မျိုးစပ်ထားတဲ့ မျိုးစပ်အစိုးရမျိုး ပြောင်းလဲခြင်းဖြစ်တော့ အရင်က စစ်အစိုးရကို တိုးတက်ကောင်းမွန်လာ အောင်လုပ်လို့ မဖြစ်နိုင်ပါဘူး။

အစိုးရအဖွဲ့ထဲက ပြုပြင်ပြောင်းလဲရေး သမားများနဲ့ အစိုးရနောက်ကွယ်ကစစ်တပ်တို့က အခြေခံ ပြုပြင် ပြောင်းလဲမှုလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ယုံကြည်ရမယ်။ အဲဒီပြောင်းလဲမှုဟာ တဖြည်းဖြည်း စေ့စပ် ဆွေးနွေးသွားတဲ့ သဘောမျိုးဖြစ်သင့် တယ်။ စေ့စပ်ဆွေးနွေးမှုမှာ အားလုံးပါ၀င်ဖို့ကို ဆောင်ရွက်ရမယ်။ အများသဘောကို ရယူတာမျိုးဖြစ်သင့်တယ်။

အခု မြင်နေရတာက အခြေခံပြောင်းလဲမှုမှာ နိုင်သူမပေါ် ရှုံးသူမထွက်မယ့် ပြောင်းလဲမှုမျိုး ဖြစ်လာနိုင် တယ်။ ဒါပေမဲ့ အဲ့လို ဖြစ်လာမယ့်အစားအားလုံးက အပေးအယူတွေ လုပ်သွားရမယ်။ အပေးအယူ သဘောတူညီမှု တစ်စုံတစ်ရာကို လက်ခံသွားရမယ်။ အခြေခံ ပြောင်းလဲမှုလုပ်ရမယ် ဆိုတာကို ကတိက ၀တ်ရှိရမှာ ဖြစ်သလို လုပ်ဖို့လည်း ရည်ရွယ်ချက်ရှိရမယ်။

လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ ဦးသိန်းစိန်အစိုးရ နောက်ကွယ်မှာ အကျိုးစီးပွား သုံးလေးခုရှိတယ်။ ပထမ တစ်ခုက စစ်တပ်ဟာ လွှမ်းမိုးထားနိုင်တဲ့ အုပ်ထိန်းသူ အနေအထားမျိုးမှာ ဆက်ရှိ နေချင်တာပဲ ။ သူက ကိုယ့်သဘောနဲ့ကိုယ် အုပ်ချုပ်နိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်ထိန်းထားချင်တယ်။ ဒုတိယက စစ်တပ်အုပ်ချုပ်မှု နောက်ပိုင်းပေါ်လာတဲ့ ရေပေါ်ဆီလူတန်းစားတို့ရဲ့ အကျိုးစီးပွား ဖြစ်တယ်။ တတိယတစ် ခုက ခရိုနီတွေရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အကျိုးစီးပွား တွေပဲ။ နောက်ဆုံးအကျိုးစီးပွားက ဗမာလူမျိုး အများစုရဲ့ တခြားလူမျိုးတွေအပေါ် လွှမ်းမိုးမှုဆိုတဲ့ အနေအထားကို ဆက်လုပ်ထားနိုင်ဖို့ပဲ။ အဲဒီဗမာတွေရဲ့ လွှမ်းမိုးမှု ဆိုတာကို လူနည်းစုက သဘောပေါက်ထားကြပြီး မခံချင်ကြဘူး။

ဒါ့ကြောင့် ဦးသိန်းစိန်အစိုးရက အဲ့ဒီ နောက်ကွယ်မှာရှိနေတဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ရင်းနှီးပျူငှာစွာ နေထိုင်ပြီးကြားကနေ ဆက်သွယ်ပေးနေတာလား၊ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေး အရည် အချင်းတွေနဲ့ စစ်တပ်အာဏာပိုင်း ဆိုင်ရာ လုပ်ဆောင်မှုတွေ၊ အခွင့်ထူး အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ဖျက်သိမ်းဖို့ ဆောင်ရွက်ရမယ့် ပြုပြင်ပြောင်းလဲသွားမယ့် အစိုးရလားလို့ မေးစရာရှိပါတယ်။

ဦးသိန်းစိန်ကိုယ်တိုင်ရော သူ့အစိုးရ အဖွဲ့ကိုပါ သမိုင်းမှာ မှတ်ကျောက်အတင် ခံနေရပါပြီ။ တကယ့်ပြုပြင် ပြောင်းလဲရေးကို လုပ်ကိုင်မယ့် ပြုပြင်ပြောင်းလဲရေးသမား လားဆိုတာ စောင့်ကြည့်နေကြတုန်းပဲ။ သူနဲ့သူ့ အစိုးရအဖွဲ့က Gorbachev (ဂေါ်ဘာချက်ရှ်) လို သမိုင်းရေစီးဒဏ်ကို အတိုက်ခံနေရပြီး အင်အားချည့်နဲ့တဲ့
မပြတ်မသား ပြုပြင်ပြောင်းလဲရေးသမား တွေလားဆိုတာကို စောင့်ကြည်ရမယ်။