ကေအိုင်အေ ထိန်းချုပ်နယ်မြေမှ ရွာလေးရွာ အစိုးရက သန်းခေါင်စာရင်း ကောက်ယူခွင့် တောင်းခြင်း ငြင်းပယ်ခံရ

ကေအိုင်အေ ထိန်းချုပ်နယ်မြေမှ ရွာလေးရွာ အစိုးရက သန်းခေါင်စာရင်း ကောက်ယူခွင့် တောင်းခြင်း ငြင်းပယ်ခံရ
by -
မဇ္စျိမ

ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင် ၊ တနိုင်းမြို့အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)  ထိန်းချူပ် နယ်မြေမှ ရွာလေးရွာကို သန်းခေါင်စာရင်း ကောက်ယူခွင့်ပေးရန် ဧပြီ ၈ရက် တွင် အစိုးရဘက်က တောင်းဆိုခဲ့ရာ  KIA က ငြင်းဆန်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ အကြီးတန်း အရာရှိ ဦးလမိုင်ဂွန်ဂျာက မဇ္စျိမကို ပြောသည်။

ယခုကဲ့သို့ တောင်းဆိုခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီ  ၄ရက်ကလည်း တနိုင်မြို့နယ်အတွင်း ပယင်းမှော်လုပ်ငန်းခွင်မှ လူများကို သန်းခေါင်စာရင်ကောက်ယူမည်ဟု ဆို၍  KIA ကို ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ တဆင့် ညှိနိုင်းပေးရန် အစိုးရဘက်က တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ဦးလမိုင်ဂွန်ဂျာက “KIA နဲ့ အစိုးရရဲ့ အနေအထားက လုံးဝကြီးကို အပစ်ရပ်လုပ်ထားတာလဲ မဟုတ်ဘူး။ တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်နေတော့ KIA က ခွင့်မပြုဘူး။ ဒါကို အတင်း စစ်ကြောင်းနဲ့ဝင်ပြီး ကောက်မယ်ဆိုရင်တော့ ထိပ်တိုက်တိုးတဲ့ တိုက်ပွဲတွေဖြစ်လာမှာပါဘဲ” ဟု ပြောသည်။

KIA တပ်မဟာ ၂ ၏ နယ်မြေ တနိုင်းမြို့တွင် ဧပြီ  ၃ရက်မှစ၍ သန်းခေါင်းစာရင်းကောက်ယူမည်ဟု ဆိုကာ အစိုးရတပ်အင်အားများ တိုးမြှင့်ချထားပြီး ၊ ယင်းနယ်မြေအတွင်း သန်းခေါင်စာရင် ကောက်ယူခွင့် ပေးရန် အချက်နှစ်ချက်ဖြင့် အစိုးရဘက်က တောင်းဆို ခဲ့ခြင်းဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

အစိုးရဘက်မှ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းများပေးထားပြီးဖြစ်သော ဆရာ၊ ဆရာမှများ မှ ၎င်းရွာလေးရွာတွင် ၀င်ရောက်ကောက်ခံခွင့်ပြုရန် သို့မဟုတ် သက်ဆိုင်ရာ ကျေးရွာအုပ်ချူပ်ရေးမှူး များက ရွာသားများ၏ လူဦးရေစာရင်းနှင့် အချက်အလက် များကို တနိုင်းမြို့တွင်ရှိသော သန်းခေါင်စာရင်း ရုံးများတွင် လာရောက်ပေးပို့ရန်ဆိုသော အချက်နှစ်ချက်ဖြင့် တောင်းဆိုခဲ့သည်။

ကချင်ပြည်နယ်အတွင်း KIA တပ်ဖွဲ့ဝင်များ၏ တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူခွင့် မရှိခဲ့ သော ရွာပေါင်း ၂၃၁ရွာကို တပ်မတော်စစ်ကြောင်းများဖြင့် ဧပြီလ ၂ရက်က စတင်ကောက်ခံခဲ့ရာ ရွာပေါင်း ၁၇၅ ရွာ ကျန်ရှိနေသေးကြောင်း နှင့်KIA ထိန်းချူပ် နယ်မြေ  ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်တွင်း ရွာပေါင်း ၅၄ရွာကိုလည်း တပ်မတော်စစ်ကြောင်းများဖြင့် ကောက်ယူ ခဲ့ခြင်း ကြောင့် ယခုအခါတွင် ၁၇ရွာသာ ကောက်ခံရန် ကျန်ရှိတော့ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား  ၀န်ကြီးဌာနက  ဧပြီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၅  ရက်အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် ကချင်ပြည်နယ် တွင် အိမ်ထောင်စုပေါင်း ၁၈၀၆၀၂စုကို  ကောက်ယူပြီးဖြစ်သည်။

Most read this week