ဒီမိုကရေစီစနစ်ကို ပြုစုပျိုးထောင်ခြင်း

ဒီမိုကရေစီစနစ်ကို ပြုစုပျိုးထောင်ခြင်း
by -
မဇ္ဈိမ

ယနေ့ကမ္ဘာတွင် အဂတိလိုက်စားနေကြသော နိုင်ငံရေးအခွင့်ထူးခံများက ခြယ်လှယ်နေကြသည့် ဒီမိုကရေစီမဆန်သော အစိုးရများလက်အောက်တွင် လူအများအပြားနေထိုင်ရှင်သန်နေကြရပါသည်။ ဒီမိုကရေစီ စနစ်ကို ကျယ်ကျယ်လောင်လောင် ကြွားဝါပြောဆိုတတ်ကြသော အမေရိကန် နိုင်ငံသားများ သည်ပင်လျှင် နိုင်ငံကို တည်ထောင်ခဲ့သော နိုင်ငံ့ဖခင်ကြီးများ၏ အိပ်မက်များမှေးမှိန်သွားခြင်းအတွက် ခေါင်းမဖော်ဝံ့အောင် အရှက်ရသင့်ပေသည်။ “အမေရိကန်၏ ဒီမိုကရေစီသည် တစ်ရာခိုင်နှှုန်းအတွက်သာ သင့်တော်သည်” ဟု Financial Times သတင်းစာကပင် သတိပေးခဲ့ရသည်။

အမေရိကန်နိုင်ငံရေးကို ဥပမာပေးရလျှင် မြင်းနှစ်ကောင်းတည်း အဓိကယှဉ်ပြိုင်ရသော ပြိုင်ပွဲအသွင်သို့ လျှောကျသွားခဲ့ကာ ရွေးချယ်စရာနည်းပါးသွားခဲ့ပြီး ဇက်ကြိုးများကိုလည်း ချမ်းသာကြွယ်ဝသူများက ကိုင်ထားကြသည်။ အစိုးရဆိုသည်မှာ ပြည်သူကို အလုပ်အကျွေး ပြုရမည်ဟူသော အယူအဆကို မေ့ပစ်ရမလို ပင် ဖြစ်လာခဲ့သည်။ ထိုအယူအဆလောက်၊ အရှိတရားနှင့်ကင်းကွာနေသည့် အရာပင်မရှိတော့သလို ဖြစ်လာသည်။ ဥရောပ၏ အခွင့်ထူးခံ အဂတိလိုက်စားမှုများကို ဆန့်ကျင်သော အသွင်ဆောင်ကာ လွန်ခဲ့ သော နှစ်ပေါင်းများစွာက ပေါ်ပေါက်လာခဲ့သော အမေရိကန်မှာ ယခုအခါ အထက်လွှာနိုင်ငံရေးသမားများ နှင့် ၎င်းတို့ကို အထောက်အပံ့ပေးထားသော ကြွယ်ဝချမ်းသာသူများ အကြီးအကျယ် ခြယ်လှယ်လွှမ်းမိုးရာ နိုင်ငံတစ်ခုအသွင် ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍မူ ဒီမိုကရေစီဟု ထင်မြင်ရလောက်သော အရာနှင့်ပတ်သက်၍ စိုးရိမ်စရာ ကောင်းပါသည်။ စစ်ဗိုလ်ချုပ်များက မြန်မာ့နိုင်ငံရေး ကို လမ်းဖွင့်ပေးခဲ့ပြီးနောက်၊ သမ္မတဦးသိန်းစိန်၏ အတိုင်းအတာ တစ်ရပ်အထိ ပျော့ပျောင်းညင်သာလာသော အုပ်ချုပ်ရေးပုံစံက လူအများအပြားအား အကြီး အကျယ် နှစ်သိမ့်ပေးနိုင်ခဲ့သည်။ အာဏာရှင် အုပ်ချုပ်ရေး၏ တရားလွန်ဖိနှိပ်မှုထံမှ လွတ်မြောက်လာ၍ ပြည်သူများသည် သက်သာရာရသွားသော ခံစားမှုမျိုးကို ရရှိကာ ပျော်ရွှင်လာခဲ့ကြသည်။

မြန်မာနိုင်ငံကို လက်ရှိအုပ်ချုပ်နေသောပုံစံကို မည်ကဲ့သို့ ခေါ်သင့်သနည်း။ အရပ်သားတစ်ပိုင်း အစိုးရဟု ခေါ်ဆိုမှုများရှိသလို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ပြောဆိုကြသည်များလည်း ရှိပါသည်။ သို့ရာတွင် မည်ကဲ့သို့ ခေါ်ဝေါ်သည်ပင်ဖြစ်စေ၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် World Audit အဖွဲ့က ကမ္ဘာ့နိုင်ငံ ၁၅၀ ကို ဒီမိုကရေစီအဆင့်အတန်း သတ်မှတ်မှုတွင် မြန်မာနိုင်ငံမှာအဆင့် ၁၂၆ သာ ချိတ်ကာ အဆင့် ၁၁၈ ရှိ တရုတ်နိုင်ငံထက်ပင် နိမ့်ကျနေသည်ဆိုသော အချက်ကို လျစ်လျူရှု၍ မရနိုင်ပါ။ အမေရိကန်မှာမူ အဆင့် ၁၃ ချိတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ဘက်ကဦးဆောင်ရေးဆွဲထားခဲ့သော ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲရန် “ဒီမိုကရေစီ အင်အားစုများ”က ကြိုးပမ်းနေကြပါသည်။ ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာရနေသည့် စစ်ဘက်အင်အားစုများကို လွှတ်တော်မှဖယ်ရှားနိုင်ရေးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်ဝင်ရောက် အရွေးချယ်ခံ ခွင့်မရှိစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပိတ်ပင်တားမြစ်ချက်ကို ဖယ်ရှားနိုင်ရေးအတွက် ရည်ရွယ် ကာ အခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်အချို့က ထင်မြင်ချက်များပေးခဲ့သော်လည်း၊ အခြေခံဥပဒေဆိုင်ရာ ပြောင်းလဲပြင်ဆင်မှုများ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ တကယ်အကောင် အထည်ပေါ်လာနိုင်ခြေရှိမရှိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုလုပ်ငန်းစဉ် ကို ဆောင်ရွက်ရာတွင် စစ်ဘက်နှင့် လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့် အခက်အခဲကြံုနိုင်ပါသည်။ ထိုကိစ္စမှာ အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်သော် လည်း ရှေ့လျှောက်တွေ့ကြံုရမည့် စိန်ခေါ်မှုများစွာထဲမှာ တစ်ခုသာရှိပါသေးသည်။

ခိုင်မာတောင့်တင်းသော ဒီမိုကရေစီစနစ်တွင်ပင် ငွေကြေးနှင့် ကိုယ်ကျိုးစီးပွားရှာမှုများက ပြည်သူလူထု၏ အသံကို အားပျော့သွားစေနိုင်သဖြင့် အပြစ်အနာအဆာ မကင်းလှပါ။ ထို့ကြောင့် ဒီမိုကရေစီအသွင်သို့ ကူးပြောင်းခါစ မြန်မာနိုင်ငံသည်လည်း ထိုအဖြစ်မျိုး တွေ့ကြံုရနိုင်ခြေရှိပါသည်။

အချို့ကမူ မြန်မာ့နိုင်ငံရေးလောကသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD) သည် အကောင်းဆုံးသော ရည်ရွယ်ချက်များနှင့် ၀င်ရောက်လာခြင်းဖြစ်ကြောင်း ဆိုကြပေမည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD) တို့သည် ယိုယွင်းရှုပ်ထွေးလှသော စနစ်အတွင်းတွင် အလုပ်လုပ်ကြရဦးမည် ဖြစ်သလို စစ်အုပ် ချုပ်မှုအောက်နှင့် ဖိနှိပ်မှုအောက်တွင် ရာစုနှစ်တစ်ဝက်ကျော်ကျော် ကျရောက်ခဲ့သော နိုင်ငံတစ်နိုင်ငံကို ကွပ်ကဲအုပ်ချုပ်ရမည်မှာလည်း ခက်ခဲမည်ဖြစ်ပါသည်။ ရှေ့လာမည့်လများ၊ နှစ်များ အတွင်းတွင် ပြည်သူ လူထု၏ အသံများ မည်မျှအထိ အလေးထား ဂရုစိုက်ခံရမည်ကို မသိရှိနိုင်သေးပေ။ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဟု ခေါ်ဝေါ်နေကြသည့်အတိုင်းပင် ဒီမိုကရေစီတည်ဆောက်ရေးမှာ အတိမ်းအစောင်းမခံသော ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ် ကျရှုံးမသွားစေရေးအတွက် ဂရုတစိုက် ပြုစုပျိုးထောင်မှု လိုအပ်မည် ဖြစ်ပါသည်။