ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တွေလည်း ဝေလို့နေသည်။ ပင်ယံထက်မှာ ဖူးပုရစ်ငယ် ခပ်စိမ်းစိမ်းတွေ က ဖူးငုံကြွရွလို့ စိမ်းမြလို့နေသည်။ နွေအပူ လေပူနွေးတွေက ခံစားရသူအဖို့ နွေသရုပ်ကို ပိုမိုထင်ဟပ်ကာ ပေါ်လွင်စေလေသည်။
ထိုအချိန် နွေသရုပ်ကို ပိုမိုပေါ်လွင်စေတဲ့ “ဥသြ” ငှက်ငယ်၏ တွန်သံက ဖူးပုရစ်တို့ ဝေဆာနေတဲ့ ကိုင်းဖျား မှာနားခိုကာ တွန်ကျူးပြန်တော့ နားထောင်ရသူအဖို့ ရင်မှာဘဝင်ဆူကာ ရင်ခုန်နှုန်းက မြန်ဆန်လေတော့ သည်။ ဒီအချိန်မှာ ပန်းပိတောက်၏ ရှေ့တော်ပြေးဖြစ်သည့် ငုဝါပန်းတွေကလည်း လှိုင်လှိုင်ပွင့်သလို နွေ အပူ လေချို သွေးတွေကြောင့် သစ်ရွက်ဟောင်းတွေက ကြွေကျကာ ဝေ့ဝဲမြေခလို့ တစ်ခါတစ်ရံ လေဆင် နှာမာင်း လေပွေငယ်တွေကြောင့် ဆွေးရိပ်ကို ထင်ဟပ်ကျန်ရစ်စေပြန်သည်။ ဟိုဒီနားက ပျံ့လွှင့်လာသည့် တေးသံတွေက အဆွေးဓာတ်ခံ နွေကြိုက်သူတွေအဖို့ ရင်ခုန်သံက မြန်ဆန်လို့လာလေပြီ။
“နွေရောက်ပြီလေ . . . ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလည်းပြိုင်” ဆိုသည့် အဆိုတော် ဗစ်တာခင်ညိုရဲ့ သီချင်းကလည်း နွေအလှကို ပိုမိုပေါ်လွင်စေခဲ့တာကြောင့် လူအများကြိုက်နှစ်သက်စွာ ယနေ့အချိန်ထိ အားပေးခြင်းကို ခံနေရဆဲ။ ဒီလိုနွေအလှကို ဂုဏ်ပြုစပ်ဆိုကြသည့် ရှေးဟောင်းသီချင်း များစွာလည်း ရှိသ လို အခုခေတ်ပေါ်တေး သီချင်းများစွာကလည်း နွေအလှကို ပေါ်လွင်စေခြင်းကြောင့် ပရိသတ်များ၏ အား ပေးမှုကို ရရှိစေပြန်သည်။ နွေအလှ၏ အလှထူးကြေမုံရိပ်ကို ပိုမိုပေါ်လွင်လာစေခဲ့သည့် သီချင်းသံတွေက လည်း ထပ်မံပြီး ဟိုဒီဆီက ဝေ့ဝဲကာ ကြားလို့နေပြန်ပါသည်။
သီချင်းသံမျိုးစုံကို ကြားရပြန်တော့ မြန်မာတို့နှလုံးသားက ရင်ခုန်နှုန်း ပိုမိုမြန်ဆန်လို့လာသလို သီချင်း သံစဉ်များနဲ့ စာသားများကို လိုက်လံသီဆိုကာ ညည်းနေလေတော့သည်။ “သင်္ကြန်ခါတော်ပေ၊ ရက်မြတ် မှာလေ၊ လှပျိုဖော်တစ်သင်းနဲ့ တေးသံလွင်လွင် ရင့်ကျူးနေ” သီချင်းက တစ်မျိုး၊ “သင်္ကြန်နှစ်ဦး တူးပို့ တူးပို့ တူးသံမြူး သာယာ” သီချင်းက တစ်ဖုံ၊ “မြနန်္ဒာ နေညိုညိုရစ်ကာသန်းတော့ ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေ ရယ်” သီချင်းကတစ်သွယ် မရိုးနိုင်သည့် သင်္ကြန်သီချင်းတွေက ကြားသူတိုင်း၏စိတ်ကို ထကြွနိုး ကြွစေသည့် မျိုးချစ်တေးတစ်ပုဒ် လိုဖြစ်လို့နေသည်။ ဒီလို သင်္ကြန်ရောက်ပြီဆိုရင် ပန်းပိတောက်တို့ ဝေဝေ ထိန်ကာ သင်းရန့ံများက ရင်မှာ ချမ်းမြေ့စေလေသည်။ ပျိုမေများရဲ့ဦးခေါင်းထက်မှာ ပန်ဆင်ထားတာကို တွေ့ရပြန်တော့ ကိုကိုကာလသားတို့ စိတ်မှာ မရိုးမရွဖြစ်တည်လာကာ ချစ်ရည်မြူးတဲ့တာသင်္ကြန်ရေအေး နှင့် သွန်းလောင်းချင်စိတ်တွေက တဖွားဖွား ဖြစ်ပေါ်လို့လာသည်။ သင်္ကြန်ရနံ့များနဲ့အတူ မြန်မာ့ရုပ်မြင်သံ ကြားနှင့် ရုပ်သံတချို့မှာလည်း “မောင်တို့ ချယ်ရီမြေ”၊ “သင်္ကြန်မိုး”ဇာတ်ကားတွေကလည်း ဘယ်လောက် ပဲနှစ်တွေ ပြောင်းပြောင်း ရာသီတွေသာ ဟောင်းသွားခဲ့သော်လည်း မရိုးနိုင်တဲ့ ဇာတ်ကားများဖြစ်တာ ကြောင့် ပရိသတ်တွေက နှစ်စဉ်အားပေးမြဲ။
ရှေးခေတ်မြန်မာ့သင်္ကြန်ကို ကဗျာဆရာ တက္ကသိုလ်ညိုညိုလေးက “တစ်ခုသော သင်္ကြန်ခါ” ကဗျာတစ်ပုဒ် ရေးသားခြင်းကို ဖတ်ရှုရတော့ ရင်မှာမကောင်းလှပေ။ ပုဂံမင်း နရသီဟပတိမင်းနှင့် မိဖုရား စောလုံတို့၏ သင်္ကြန်တွင် ချစ်ကြည်စယ်ရင်း ဖြစ်ပျက်ခဲ့ကြတဲ့ အကြောင်းပါပဲ။ ဘုရင်က သူ့မိဖုရားကို ချစ်မြတ်နိုးလွန်း တာကြောင့် ရံရွေတော်တွေကို ရေကို အရွှဲပက်ခိုင်းလိုက်ချိန်တွင် အရှက်လွန်ပြီး မင်းကြီးကို အညှိုးအတေး ထားခဲ့လေတော့သည်။ အခွင့်သာချိန်မှာ စားတော်ပွဲမှာ အဆိပ်ခတ်သတ်ရန် မိဖုရားက ကြံစည်ပြန်သည်။
မင်းကြီးက ကြိုတင်သိခြင်းကြောင့် မိဖုရားစောလုံကို သံကျပ်စင်တင်ပြီး မီးရှို့သတ်ရန် အမိန့်ပေးခဲ့ခြင်း ကြောင့် မိဖုရားစောလုံခမြာ ရှက်ဒေါသကြောင့် သေပွဲဝင်ရရှာလေသည်။
ကဗျာဆရာက ဒီလိုသင်္ကြန်အခါတွင် အကျီစားမသန်ကြဖို့ ထောက်ပြဖော်ညွှန်း ပြထားသလို ဆရာကြီး မှိုင်း၏ “စောလုံ” လေးချိုးကြီးကလည်း ကြေကွဲစရာကောင်း ပြန်လေသည်။ နရသီဟပတိမင်းက မိဖုရား ကို ကွပ်မျက်လိုက်သော်လည်း ချစ်စိတ်ကတော့ မပြယ်နိုင်တာက မင်းကြီးဖြစ်သည်။
ညစက်တော်ခေါ်ချိန်တွင် “စောလုံ စောင့်ပါစလှည့်” ဟု ယောင်ယမ်းတမ်းတမိသည်ကို “သေလမ်းဝင် မှောင့် ရှာတဲ့တမိရယ်ကြောင့် ရွှေနန်းရှင်မောင့်မှာဖြင့် မချီပြီမို့ စောင့်ပါစလှည့်၊ စောင့်ပါစ လှည့်ရယ်လို့ တရရှာလေသကွယ်။ သမတနေ လာနွယ်မှာဖြင့် ပိုဗျာပါ အများဘဝသေပါဟယ်လို့ ဆိုကာ ငိုကာမနား” ဆိုပြီး နရသီဟပတိမင်းကြီးရဲ့ မြည်တမ်းပုံကို ကြေကွဲဖွယ်ရေးဖွဲ့ ထားလေသည်။ ဒီလိုရေးဖွဲ့ထားတာကို မြင်ပြန်တော့ သင်္ကြန်အချိန်အခါတွင် ခိုက်ရန် မဖြစ်ပွားစေလိုသည့်သရုပ်ကို ပြသနေသလိုပင် ဖြစ်သည်။
သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်များတွင် နှစ်ဦးအစောဆုံး ကျင်းပသည့် ပွဲတော်ဖြစ်သည့် အပြင် ရေပက်ကစားရခြင်းကြောင့် ထူးခြားခြင်းလည်း ဖြစ်သည်။ သင်္ကြန်သည် ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရ လေသည်။ သင်္ကြန်ဆိုသည့် စကားသည် သက္ကတဘာသာမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။
နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ဒါ့အပြင် သင်္ကြန်ကို “အတာသင်္ကြန်” ဟုလည်း ခေါ်ပြန်သည်။ “အတာ”သည်လည်း နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်းဆိုသည့် အဓိပ္ပာယ် ကို ရလေသည်။ “အတာသဘင်” “အတာပွဲ”ဟု လည်း ခေါ်ကြပြန်သည်။ “အတာ”သည် “အန္တတ”“အတီ တ”ဆိုသည့် ပါဠိစကားများက ဆင်းသက်လာခြင်းဖြစ်သည်ဟု ပညာရှင်များကဆိုကြသည့်အပြင် ပက်ဖျန်း ရသော ရေကို “သင်္ကြန်ရေ” “အတာရေ”ဟု ဆိုကြလေသည်။ မြန်မာမင်းများ လက်ထက်တွင် သင်္ကြန်ပွဲ တော်ကို အလေးအမြတ်ထားကာ ကျင်းပကြလေသည်။ ကြည်လင် သန့်ရှင်းသောရေတွင် စမ္ပာကရမက် စသည့် အမွှေးနံ့သာများရောကာ ရွှေခွက်ဖြင့်ထည့်ပြီး တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးစွာ လောင်း ပက်ကြသည်။ သင်္ကြန်ပွဲတော်သည် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်အထိ သင်္ကြန်ပြောင်း အမိန့်တော်တွင် ဆင်ယင်ကျင်းပရမည့် မြန်မာများ၏အလေ့အထကို မင်းမိန့်ဖြင့် ထုတ်ပြန်ထားခြင်းကြောင့် မြန်မာ့သင်္ကြန်သည် နူးညံ့သိမ်မွေ့သည့် အသွင်သဏ္ဌာန်ကို ဆောင်လေသည်။
နူးညံ့သိမ်မွေ့သည့် မြန်မာ့အစဉ်အလာ အတာသင်္ကြန်ကို ထိန်းသိမ်းကြရင်း ခေတ်နှင့်အညီ ဖြတ်သန်းကြ သော်လည်း အရိုးပေါ် အရွက်မဖုံးရလေအောင် မြန်မာမလေးများ နှစ်သစ်ကို ကောင်းမွန်စွာ ဖြတ်သန်းကြ ရင်ဖြင့် ကမ္ဘာမှာ မြန်မာ့သင်္ကြန်က အထင်ကရရှိနေမှာ အမှန်ပင် ဖြစ်သည်။