” ၀၄” ချင်း ကုတ်ထဲက “၄၀၁” ချင်း ကုတ် အန္တရာယ်

” ၀၄” ချင်း ကုတ်ထဲက “၄၀၁” ချင်း ကုတ် အန္တရာယ်
by -
ခိုနုမ်းထုန်

မြန်မာနိုင်ငံအစိုးရအဆက်ဆက်တွင် သန်းခေါင်စာရင်းကို တပါတီအာဏာရှင်အုပ်ချုပ်ရေးလက်ထက်တွင်သာ နှစ်ကြိမ် ကောက်ခံခဲ့ပြီး စစ်အစိုးရအဆက်ဆက် တကြိမ် တခါမျှ ကောက်ခံမှု မပြုတော့ပေ။ သန်းခေါင် စာရင်း ကောက်ယူမှု မရှိခဲ့သောကြောင့်လည်း  ကိန်းဂဏန်းများကို မှန်းခြေဖြင့် လိုတိုး ပိုလျှော့ တွက်ချက်ပြီး နို်င်ငံ အုပ်ချုပ်ရေးကို ပရမ်းပ တာ ကိုင်တွယ်နေရသည် ဆိုလျှင် မမှားတန်ရာ။

၁၉၇၃ခုနှစ် သန်းခေါင်စာရင်းသည် ပြည်သူထံ အာဏာပြန်လည်အပ်နှင်းရေးအတွက် မဲဆန္ဒရှင်စာရင်းပြုစုရန်နှင့် ပြည် သူတို့၏ လူမှုရေး၊ စီးပွားရေး စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်ရန်ဖြစ်သည်ဟု အကြောင်းပြထား သော် လည်း လက်တွေ့မှာ  မဆလ အာဏာရှင်စနစ်တည်မြဲရေးသာဖြစ်ခဲ့သည်။ ၁၉၇၃ ခုနှစ်သန်းခေါင် စာရင်း ကို အခြေခံပြီး ၁၉၈၃ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့ရာ မြန်မာတစ်နိုင်ငံလုံး လူဦးရေ ၃၅ ဒသမ ၃ သန်း ကျော်ရှိ ကြောင်း သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံအတွင်း လူဦးရေ သန်းပေါင်း ၆၀ ကျော်သည်ဟု ခန့်မှန်း ရသည်။

၁၉၇၃ ခုနှစ်သန်းခေါင်စာရင်းကို အခြေခံပြီး ၁၉၈၃ ခုနှစ်တွင် ချင်းလူမျိုးဦးရေ ၃၂၃. ၂၉၅ ရှိသည်ဟု သိရသည်။ လက်ရှိချင်းလူမျိုးဦးရေ ၄သိန်း နှင့် ၅ သိန်းအကြား ရှိမည်ဟု ခန့်မှန်းရသည်။ ချင်းပြည်နယ်ပြင်ပ ဦးရေ အကျုံးမဝင်ပါ။

အမှန်က သန်းခေါင်စာရင်းကောက်ယူတာဟာ နိုင်ငံသားတဦးချင်းစီ၊ မိသားစု တစုချင်းစီ ၏ လူဦးရေ၊ ကျား၊ မ အ လိုက်၊ အသက် အုပ်စုအလိုက်၊ လူမျိုး၊ ဘာသာ အလိုက်  ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ လူနေမှု အဆင့် အတန်း၊ စီးပွားရေးလုပ်ငန်း အမျိုးအစား၊ ပညာတတ်နှုန်း၊ ဝင်ငွေပမာဏအရ လူတန်းစား ကွာခြား ချက်၊ နိုင်ငံသားတို့ ကျွမ်းကျင်သော အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၊  လူမျိုး၊ ဘာသာ  စသည့် ကိန်းဂဏန်း၊ အချက် အ လက်များ တိကျစွာ သိရှိနိုင်ရန် ဖြစ်သည်။ သို့မှလည်း အစိုးရက နိုင်ငံတစ်နိုင်ငံ၏ အတိတ်၊ မျက်မှောက်နှင့် အနာဂတ် ကာလ များ၏ အထွေထွေဖွံ့ဖြိုးမှု အခြေ အနေ အရပ်ရပ်ကို သုံးသပ်ပြီး နိုင်ငံတော် အနာဂါတ် လူမှုစီးပွားဖွံ့ဖြိုး တိုး တက်ရေး အစီအမံများ ချမှတ်ဆောင်ရွက် နိုင်မည်ဖြစ်သည်။

၂၀၁၀ ခုနှစ်၊  သမ္မတ ဦးသိန်းစိန် ရဲ့ ဒီမိုကရေစီ အစိုးရတက်လာပြီး နှစ်နှစ်အကြာ ၂၀၁၄ ခုနှစ်မတ်လက ကုန်မှစပြီး တလအတွင်း  သန်းခေါင်စာရင်း ကောက်ခံနေပါပြီ၊  သန်းခေါင်စာရင်း ကောက်တယ်ဆိုတာ ကြောက်စရာ မဟုတ်၊ တိုးတက်သော ကမ္ဘာ့ နိုင်ငံများ လုပ်လေ့လုပ်ထရှိတဲ့အရာပါ၊

သို့သော် အစိုးရက ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်မှာကို ပြည်သူတွေ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေ၊ ပိုထူး၍ ချင်းလူမျိုးတွေက ကြောက်နေရပါသည်။ ညသန်းခေါင်အချိန်မှာ တာဝန်ရှိသူတွေက လာရောက်ကောက်ယူမှာ မို့လို့ လား၊ ယခင်က ပြည်သူတွေကို မျက်ကလန်ဆန်ပြာဖြစ်စေတဲ့ စစ်အစိုးရ တဖြစ်လဲ ယူအက်ဒီပီ အစိုးရ ကြောင့် လား။ ခေတ်အဆက်ဆက် လူထုကို ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူလူထုအနေဖြင့် အစိုးရလုပ်သမျှ အယုံအကြည် မရှိတော့ သည့်အခါ ယခုကောက်ခံ သည့်သန်းခေါင်းစာရင်းသည်လည်း နောက်ကွယ်တွင်ကြီးမားသော မရိုးသားမှုများ ရှိနေမည်ဟူသော စိတ်ကိန်းအောင်းနေသေးသည်။

မြန်မာနိုင်ငံသည် မြန်မာအက္ခရာစဉ်အလိုက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် လူမျိုး စု ပေါင်းစုံဖြင့် တည်ဆောက်ထားသည့် ပြည်ထောင် စုနိုင်ငံဖြစ်သည်။ ယခု သန်းခေါင်စာရင်း အရ  အက္ခရာစဉ် “၀၄” သည် ချင်း ကုတ်နံ ပါတ်ဖြစ်သည်။ တနိုင်ငံလုံးကောက်ခံမည့် သန်းခေါင်စာရင်းပုံစံကို ကြည့်လိုက်ယင် ချင်းလူမျိုးများ အတွင်း လူမျိုးနွယ် စုကို (၅၃) မျိုးဖြင့် ခွဲထားတာကို တွေ့ရှိရသည်။ အဲဒီ (၅၃) မျိုးကို ဘယ်ချိန်က ခွဲထားသလဲ၊ ဘယ်သူက ခွဲသလဲ၊ မျိုးနွယ်စု စီစစ် သူတွေထဲမှာ ချင်းလူမျိုးတွေ ဘယ်နှစ်ဦးပါ၀င်သလဲ၊ ကာယကံရှင် ဌာနေချင်း လူမျိုးတွေရော ကျေနပ်မှု ရှိမရှိ သဘော ထားဆန္ဒကောက်ခံမှုရှိသလား၊ ဖြစ်စဉ် အရင်း၏ အကျိုးဆက်ပွင့်လင်းမြင် သာမှုမရှိခဲ့ သောကြောင့် ပြည်သူလူထု အတွင်း ယနေ့တိုင် ဝေဝါးမှု၊ မယုံကြည်မှုတွေ ရှိနေရတာပါ။

ချင်းလူမျိုးနွယ်စု (၅၃) မျိုးထဲမှာပဲ ” ချင်း ” လည်း ကုတ်နံပါတ် (၄၀၁) ဖြင့်ထိပ်ဆုံးမှာ ထည့်သွင်းထားသည်။ တကယ် လို့ မျိုးနွယ်စု “၅၂” အားလုံးက ” ၄၀၁ ” ကုတ်ကို မထည့်ပဲ ကိုယ့်မျိုးနွယ်စု ကုတ်နံပါတ်အသီးသီးကို ထည့် လိုက် တယ် ဆိုလျှင် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်း သားတွေထဲက ” ချင်း” ဟာ ပျောက်ကွယ်သွားတော့မှာဖြစ်သည်။ တနည်းအားဖြင့် ကမ္ဘာမှာ ” ချင်း ” လူမျိုး ပျောက် ကွယ်သွားအောင် လုပ်သွားတာပါပဲ၊ ” ချင်း လူမျိုး” သည်သာ ပျောက်ကွယ်သွားတယ်ဆိုလျှင် ချင်းမျိုးနွယ်စု ၅၂ မျိုးဆိုတာလည်း အလိုလို “မျိုးပျောက် ” ဖြစ်သွားမှာပါပဲ၊ မျိုးမစစ်၊ အဖေမပေါ်တဲ့ အခြေမဲ့ မျိုးနွယ်စု ဘဝကို ရောက် သွားကြမှာဖြစ်သည်ဟု စိုးရိမ်မှု များရှိ နေသလို တချို့ကလည်း ချင်းကုတ်နံပါတ် (၄၀၁) တွင် (၀၄) သည် ချင်း အမှတ်သင်္ကေတဖြစ်သဖြင့် မျိုးနွယ်စု ကုတ် နံပါတ် အသီးသီးသည် ၀၄ ဖြင့် စ နေသောကြောင့် ချင်း ဖြစ်မှု မပျောက် ကွယ်နိုင်ပါဟူသော အစိုးရလုပ်ရပ်အပေါ် ချော်လဲရောထိုင်နေသူများ လည်းရှိနေသည်။

ဘာပဲပြောပြော ချင်းပြည်သူလူထု၊ အဖွဲ့အစည်းတွေက သန်းခေါင်းစာရင်းကောက်ယူမည့်အပေါ် စိုးထိတ်မှု၊ မရှင်း လင်းမှုများ ရှိနေသောကြောင့် အချိန်ရွေ့ဆိုင်းပေးရေး၊ မျိုးနွယ်စုပြန်လည်စီစစ်ရေးကို တောင်းဆိုခဲ့ကြပေမဲ့ သန်းခေါင် စာရင်းတော့ကောက်နေပြီ၊ ဆက်ဆက်ဖြစ်လာမည့် အကျိုးဆက်ကိုတော့ စောင့်ကြည့်ရအုံးမှာဖြစ်ပြီး သက် ဆိုင်သူ အားလုံးက သတိချပ်နိုင်ရန်တိုက်တွန်းရေးသားလိုပေသည်။