ချင်းအမျိုးသားတပ်ဦး ထိန်းချုပ်နယ်မြေ ဝိတိုရိယတောင်သို့ ယခုအချိန်ထိ သန်းခေါင်စာရင်း မကောက်ခံသေး

ချင်းအမျိုးသားတပ်ဦး ထိန်းချုပ်နယ်မြေ ဝိတိုရိယတောင်သို့ ယခုအချိန်ထိ သန်းခေါင်စာရင်း မကောက်ခံသေး
by -
မိုင်ဒေါသ်သဲ

၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ခံမှုကို ချင်းအမျိုးသားတပ်ဦး စခန်းငယ်များတွင် ကောက်ယူနေသော်လည်း ၀ိတိုရိယတောင်သို့ လက်ရှိအချိန်ထိ ကောက်ယူခြင်းမရှိ သေးကြောင်း သိရသည်။

“သူတို့(အစိုးရ)ဘက်က သန်းခေါင်စာရင်း ကောက်ဖို့ သင်တန်းခေါ်တုန်းက ကျွန်တော်တို့ မတက်ဖြစ်ဘူး။ မတက်ဖြစ်ဘူးဆိုတာကလည်း ကျွန်တော်တို့တပ်ရဲ့တော်လှန်ရေးနေ့နဲ့ တိုက်သွားလို့လေ။ ဒါပေမယ့် ဆရာတွေခေါ်ပြီးတော့ ပြန်ကောက်မယ်လို့တော့ ပြန်စီစဉ်ထားတယ်။ ဘယ်လိုကောက်မလဲတော့ မသိသေးဘူး” ဟု ချင်းအမျိုးသားတပ်ဦး ထန်တလန်ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သန်းခေါင်စာရင်းသည် မြန်မာနိုင်ငံတွင် လူဦးရေမည်မျှရှိသည်ကို သိရှိရန်နှင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအခြေအနေကို သိရှိရန်ဖြစ်သည့်အတွက် အဆိုပါ မြန်မာနိုင်ငံပိုင်နက်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး(CNF)၏ ထိန်းချုပ်နယ်မြေ တွင်လည်း သန်းခေါင်စာရင်းကောက်ခံသွားမည်ဖြစ်သည်ဟုထန်တလန်မြို့နယ် အုပ်ချုပ်ရေးရုံးမှဝန်ထမ်းတစ်ဦး က ပြောသည်။

“အဲဒီနယ်မြေကို ချင်းအမျိုးသားတပ်ဦး ဘက်က တပ်မတော် ၂ယောက်နဲ့ ဆရာတစ်ယောက် တို့က သွားပြီးတော့ ပုံမှန်ကောက်တဲ့ချိန်ပေါ့ မြန်မာတစ်ပြည်လုံး ကောက်တဲ့ချိန်နဲ့ တစ်ပြေးညီကောက်သွားကြပါမယ်”
ဟုထန်တလန်မြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူခြင်းကို ဟားခါးမြို့ပေါ်ရှိ ရပ်ကွက် ၆ ရပ်ကွက် နှင့် ကျေးရွာများတွင် ကောက်ကွက်ပေါင်း ( ၈၅ )ကွက်ကို စာရင်းကောက် စုစုပေါင်း ( ၉၁ )ဦးနှင့် စာရင်းစစ်ပေါင်း ( ၄၅ )ဦး
တို့ဖြင့် ကောက်ယူလျက်ရှိသည်။

Most read this week