မွန်ပြည်နယ် မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူပြီးသည့် အိမ်များတွင် စာရင်းကောက်များက အမှတ်အသားစာရွက်များထားရှိသည်ဟု ကောက်ယူခံရသည့် အိမ်ရှင်များက ပြောသည်။
မတ်လ ၃၀ ရက်နေ့မှ စတင်၍ သန်းခေါင်စာရင်းကောက်ယူပြီးသည့် အိမ်များတွင် ကောက်ယူပြီးစီးကြောင်းနှင့် စာရွက်စတစ်ကာအတိုဖြင့် အိမ်၏မျက်နှာစာများတွင် ကပ်ထားပြီး ၎င်းစာရွက်ကို ၃ လအတွင်း မခွာရန် ဟုသော မေတ္တာလက်ခံစာနှင့် အတူ ပူးတွဲထားသည်။
ထိုသို့ပြုလုပ်ရခြင်းသည် သန်းခေါင်စာရင်းကောက်ခံမှု အချိန်ထပ်တိုးရန်ရှိသောကြာင့်လည်းဖြစ်သည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာန ပြည်နယ်မှူး သန်းဝင်းကပြောသည်။
’’သန်းခေါင်စာရင်းကို မတ်လ ၃၀ နဲ့ ဧပြီလ ၁၀ ရက်အထိ ကောက်မယ်လို့ပြောပေမယ့် တကယ်တမ်းတော့ ၅ လပိုင်းအထိ ကောက်မယ်’’ ဟုပြောသည်။
၎င်းကောက်ယူရာတွင် ဝေးလံသောဒေသများနှင့် ကျန်ရှိသော နေအိမ်များတွင် ပြန်လည်ကောက်ယူရန် အတွက်လည်း ထိုသို့ ပြုလုပ်ရခြင်းဖြစ်သည် ဟုပြည်နယ်မှူးကဆိုသည်။
သို့သော်အချို့အိမ်များတွင် စာရင်းကောက်ပြီးသော်လည်း ၎င်းစာရွက်များကို ကပ်ခြင်းမရှိကြောင်း ဒေသခံ မိယဉ်စနှိုင်းက ပြောသည်။
မော်လမြိုင်မြို့ စာရင်းကောက်ယူသည့် အိမ်ရှင် ဒေါ်ခင်လှကလည်း ’’ကျွန်မအိမ်ကို စာရင်းကောက်တွေလာ ကောက်တာ ဒီစာရွက်အကြောင်း ဘာမှမပြောဘူး စာရင်းကောက်ပြီးတာနဲ့ ပြန်သွားတယ် နောက်မှ ဒီစာရွက် ကပ်ဖို့မေ့သွားတယ်လို့ ပြောပြီး ပြန်ကပ်သွားတယ်’’ ဟုပြောသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြီးစီကြောင်း အထောက်အထား စာရွက်တို ကပ်ထားခြင်းသည် ကျန်ရှိနေသောအိမ်များကို လိုက်လံကောက်ယူပါက ၎င်းအိမ်များပြီးထားကြောင်း သက်သေတစ်ခုဖြစ်သည်ဟု စာရင်းကောက် ဆရာမတစ်ဦးက ဆိုသည်။
သန်းခေါင်စာရင်းကောက်ယူပြီးဆုံးပါက စာရင်းဇယာပြုစုခြင်းလုပ်ငန်းကို အဆင့် ၄ ဆင့်ဖြင့် ပြုလုပ်မည် ဖြစ်သည်။
၎င်းစာရွက်များကို စာရင်းကောက်ဆရာ/မများ မကပ်ထားသည့် နေရာများတွင် ၎င်းဆရာမများနှင့်လိုက်ပါခဲ့ သည့် ကျေးရွာကော်မတီများ လိုက်ကပ်ခြင်းများလည်းရှိသည်။
သန်းခေါင်စာရင်းကောက်မှုယူသည် ယနေ့ ဧပြီ ၂ ရက်နေ့တွင် ၄ ရက်မြောက်နေ့ဖြစ်ပြီး တစ်နေ့ကောက်ယူ သော ကောက်ကွက်တစ်ကွက်လျှင် အများဆုံး အိမ် ၂၀ အထိ ကောက်ယူပြီး ၎င်းအိမ်အရေအတွက် အလိုက် အမှတ်အသားထားရှိခြင်းဖြစ်သည်။