မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် အကြိမ်ပေါင်း (၃၇၀) ကြိမ် ဖြစ်ပွားခဲ့ပြီး၊ဘေး သင့်သူဦးရေ ၂၆၇,၉၅၃ ဦးနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၉,၇၅၅ ဒသမ ရ၉ သန်း ရှိခဲ့သည်ဟု ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ယနေ့ ပြောသည်။
ဒုတိယသမ္မတက “ကမ္ဘာ့နိုင်ငံများမှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုတို့ရဲ့ ဆိုး ကျိုးတွေကို ရင်ဆိုင်တွေ့ကြံု ခံစားနေရပါတယ်၊ ၂၀၁၃ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စူပါတိုင် ဖွန်းမုန်တိုင်း အပါအဝင် ကမ္ဘာတစ်လွှား ဘေးအန္တရာယ် ဖြစ်ပွားမှု ၂၉၆ ကြိမ်၊ ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၁၉၂ ဘီလီယံ ဆုံးရှုံးခဲ့တာ တွေ့ရပါတယ်” ဟု နှိုင်းယှဉ်ပြောဆိုခဲ့သည်။
နေပြည်တော်ရှိ တော်ဝင်အေစီအီး ဟိုတယ်တွင် ယနေ့ကျင်းပပြုလုပ်သော ၁၁ကြိမ်မြောက် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်းညှိနှိုင်း ကော်မတီအစည်းအဝေး မိန့်ခွန်းပြောကြားရာတွင် ဒုတိယ သမ္မတ ဦး ဉဏ်ထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ်ဒေသသည် ၂၀၁၁ ခုနှစ်စာရင်းများအရ ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင် နှုန်းခန့် နေထိုင်သော ဒေသကြီးတစ်ခုဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု အများဆုံးနှင့် ဆိုးကျိုးများ ထိခိုက်ခံစားရမှု အများဆုံးဒေသကြီး ဖြစ်သည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ကလည်း “သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ လျော့ပါးရေးလုပ်ငန်းတွေ ကို တိုးတက်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် လူ့အသက်ဆုံးရှုံးရမှုတွေကို လျော့ချနိုင်ခဲ့ပေမယ့်လည်း နိုင်ငံများ ရဲ့စီးပွားရေးနဲ့ ဖွံဖြိုးတိုးတက်မှု အရှိန်အဟုန်တွေကို အဟန့်အတားဖြစ်စေတဲ့ ထိခိုက် ပျက်စီးမှုတွေဟာ လည်း မြင့်တက်လာတာကို အားလုံးမျက်မြင်ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဒေသအဆင့်အနေဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီ ယံ သဘောတူညီချက် ( ASEAN Agreement on Disaster Management and Emergency Response - AADMER) ကို အကောင်အထည် ဖော်လျက်ရှိသည် ဟုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ပြောသည်။
အာဆီယံ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ် ကယ်ဆယ်ရေးရန်ပုံငွေ ( ASEAN Disaster Management and Emerency Relief Fund-ADMER Fund) နှင့် အာဆီယံ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဌာန (AHA Centre)သို့လည်း ရန်ပုံငွေ ထည့်ဝင်လျက်ရှိသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အဝေးတွင် သမ္မတ ဦးသိန်းစိန်က “မမျှော်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး ကယ် ဆယ်ရေး ပြန်လည် ထူထောင်ရေးနှင့် သဘာဝ ဘေးအန္တရာယ် ရေရှည်ကာကွယ်နိုင်ရေး တို့အတွက် လို အပ်သည့် အစီအမံများ ပြန်လည်သုံးသပ် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဥပဒေပြဋ္ဌာန်း ရပါမယ်”ဟုပြောကြား ခဲ့ဖူးသည်။
၁၁ ကြိမ်မြောက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဒေသတွင်းညှိနှိုင်းမှု ကော်မတီအစည်းအဝေးကို ဂျာမနီ နိုင်ငံအစိုးရမှ ကူညီပံ့ပိုးပေးထားသော (ADPC- အာရှဒေသ သဘာဝဘေးကြိုတင် ပြင်ဆင်ရေးဌာန)၊ (GIZ- Deutsche Gesellschaft for International Zusammenarbeit) နှင့်အတူ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့မှ ဦးစီးဆောင်ရွက်လျက် ရှိသည်။