ရေနံ၊ ဂက်စ်ပိုက်လိုင်း လမ်းကြောင်း သတ်မှတ် ဧရိယာထက် မြေပိုမို အသုံးပြုသည့် လျော်ကြေး ရရှိရေး ရွာသားများ အကြိမ်ကြိမ် တောင်းဆို သော်လည်း တရုတ် ကုမ္မဏီမှ ပေးလျော်ခြင်း မရှိသည့် အပေါ် ရွာသားများ မကျေမနပ် ဖြစ်ခဲ့ရကြောင်း ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။
သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စု ပိန်းလောင်းကျေးရွာနှင့်မြန်မာကျေးရွာနေ ရွာသား ၁၄ ဦး၏ နစ်နာကြေးအတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိလူကြီးမင်းများထံ ရွာသားများက အကြိမ်ကြိမ်တောင်း ဆိုထား သော်လည်း တရုတ်ကုမ္မဏီက ပေးလျော်ခြင်းမရှိသောကြောင့် ဥယျာဉ်ခြံမြေ ဆုံးရှုံးသည့်ရွာသားများက မကျေမနပ်ဖြစ်ရ ကြောင်း လယ်ယာမြေပိုင်ရှင်တဦးကပြောသည်။
“ကျနော်တို့ နစ်နာရတဲ့ လယ်သမား ၁၄ ဦးက ဒီကိစ္စအတွက် ပြီးခဲ့တဲ့နှစ် ဂျွန်လ ၂၇ ရက်က သျှမ်းပြည်နယ် ဝန်ကြီးချုပ် ဆီကို စာတင်ပြီး ပြီ။ ရွာသားတွေကို ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းအဖွဲ့က တခါလျော်ကြေးပေး ဖို့လာတွက်ပြတယ်။ စွမ်းအင် ဝန်ကြီးဌာနကလည်း ၃ နှစ်စာအတွက်ဘဲလျော်ကြေးတွက်ပေးတယ်။ ဒါပေမယ့် လယ်သမားတွေက တောင်းဆိုထားတဲ့ အတိုင်း ၅ နှစ်စာ တခါတည်း ပေးတဲ့လျော်ကြေးကိုလိုချင်တာ။ ပေးသွားတာကလည်း ပိုက်လိုင်းလမ်းကြောင်းအတွက် သတ်မှတ်တဲ့ ပေတရာအတွင်းဘဲ ပေးသွားတာ။ လယ်၊ ယာမြေ ပျက်စီးသွားတာ ဘေးတဘက်ဘဲ တရာမကဘူး၊ အဲဒီအတွက် လျော်ကြေးလိုတာ”
“အဲတာကြောင့် လျော်ကြေးရဖို့ မြို့နယ် အုပ်ချုပ်ရေးရုံးကို ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းမှာတခါ၊ ဒီနှစ် ၂ လ ပိုင်းမှာတခါ စာထပ်တင်တယ်။ မြို့နယ်ရုံးကလဲ ဆက်လက် ညှိနှိုင်းပေးမယ်ဆိုတဲ့ပြန်စာ ပို့လာတယ်။ ၃ လ ပိုင်းမှာ သွားမေးကြည့်တော့ သူက လျော်ကြေးပေးမယ့် တရုတ်တွေ မလာသေးလို့ တဲ့ ။ အကြောင်းအမျိုးမျိုးဘဲ၊ ဝန်ကြီးချုပ်ဆီထပ်တင်ပါလို့ တောင်ပြောလိုက်သေးတယ်။” ဟု အသက် ၃၀ ကျော်အရွယ်ရှိ လယ်သမားတဦးက သျှမ်းသံတော် ဆင့်အားပြောပြ သည်။
ထို့ကြောင့် နစ်နာသူလယ်သမားများက သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ဆက်လက်စာတင်ဦးမည်ဖြစ်ကြောင်း လယ်သမားများ ကပြောသည်။
ဒေသတွင်းလှုပ်ရှားနေသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်မှ အုပ်ချုပ်ရေးတာဝန်ခံ ကလည်း ဓါတ်ငွေ့ ပိုက်လိုင်း ကြောင့် နစ်နာရသည့်လယ်သမားများ နစ်နာကြေးရ မရ ဟူသည့်အပေါ် အလားတူစောင့်ကြည့်နေပါကြောင်း၊ အုပ် ချုပ်ရေးမှူးများက တရားမျှတစွာ ကူညီဖြေရှင်းပေးမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထု၏ အခက်အခဲ များကိုလည်း အခွင့်သာပါက ၀င်ရောက်ကူညီဖြေရှင်းပေးလိုသော ဆန္ဒရှိပါကြောင်း ဒေသခံများအား ပြောပြခဲ့ သည်ဟု ဆိုပါသည်။
ပိုက်လိုင်းသွယ်တန်းမှုမှာ ပြီးစီးပြီး ၂၀၁၃ ဂျွန်လကုန်ပိုင်းက ရေနံ နှင့် ဂက်စ်များ စတင်ပို့လွှတ်နေပြီး ဖြစ်ပါသည်။