ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ဒလက်မေအုပ်စုအတွင်း မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်က တောင်ယာမီးရှို့ရာမှတဆင့် ကက္ကူးဝအောက်ရွာ နှင့် ပါကာတောင်ရွာ(၀ါ) ရွာသစ်ရွာရှိ လူနေအိမ်ခြေ ၂၃ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။
တောင်ယာမီးကြောင့် အိမ်ခြေ ၂၀ ခန့်ရှိသည့် ပါကာတောင်ရွာတွင် လူနေအိမ် ၁၄ အိမ် နှင့် အိမ်ခြေ ၃၀ ခန့်ရှိသည့် ကက္ကူးဝအောက်ရွာတွင် လူနေအိမ် ၉ အိမ်တို့ လောင်ကျွမ်းခဲ့ရပြီး မီးဘေးကြောင့် အိုးမဲ့အိမ်မဲ့အဖြစ်သို့ ရောက်သွား သော လူဦးရေစုစုပေါင်း ကက္ကူးဝရွာတွင် ၃၂ဦး၊ ပါကာတောင်ရွာတွင် (၅၂)ဦးရှိကြောင်း ခူမီးမီဒီယာက ဖော်ပြ ထားသည်။
မီးလောင်မှုကြောင့် အသေအပျောက် စာရင်းတိကျမသိရသေးသော်လည်း မီးဘေးသင့်ပြည်သူများအတွက် အရေးပေါ် အကူအညီများ အပူတပြင်းလိုအပ်နေကြောင်းဆက်ဆိုထားသည်။
ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြရသော ချင်းတောင်တန်းမှ တောင်သူဦး ကြီးများ သည် ဆောင်းအကုန် နွေအကူးအချိန် ယခုကဲ့သို့ တောင်ယာစပါး၊ စိုက်ခင်းများအတွက် တောင်ယာများ မီးရှိူ့လေ့ရှိကြသည်။
ချင်းပြည်နယ်တွင် တောင်ယာမီးရှို့မှုများကြောင့် မီးလောင်ကျွမ်းမှုများ မကြခဏဖြစ်ပွားလေ့ရှိသည်။
မတ်လ ၃၀ ရက်နေ့ နံနက် ၉း၃၀ ခန့် ဘုရားကျောင်းတက်ချိန်အတွင်း ထန်တလန်မြို့ပေါ် အေဂျီဘုရား ကျောင်းအနီး Pu Hmunhre အိမ် မီးလောင်ခဲ့မှုတွင်လည်း အိမ်တွင်းပစ္စည်းအားလုံး မီးထဲပါသွားခဲ့သည်။