ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကျောင်းပေါင်းစုံမှ တက္ကသိုလ် ကျောင်းသားများသမဂ္ဂများ စုပေါင်း၍ မတ်လ ၃၀ ရက်ညနေပိုင်း၌ လှည်းတန်းရှိ ဦးထွန်းလင်းခြံလမ်းတွင် ကန့်ကွက်ဆန္ဒပြခဲ့သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းသိပ္ပံ၊ ကွန်ပျူတာတက္ကသိုလ်နှင့် ရန်ကုန်သူနာပြု တက္ကသိုလ်များမှ ကျောင်းသားများ သမဂ္ဂ အသီးသီး စုပေါင်းကာ အင်းအား ၃၀ ကျော်ဖြင့် ကန့် ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
၎င်းတို့က အမျိုးသားပညာရေးကောင်စီကို ကန့်ကွက်ရန်၊ ပညာရေးလွတ်လပ်ခွင့် ရရှိရန်၊ ပညာရေးတွင် ဗဟိုချုပ်ကိုင်မှု ကင်းလွတ်ရန်၊ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်ရရန်နှင့် ပညာရေးဥပဒေကြမ်းကို NNER နှင့်အတူ သုံးပွင့်ဆိုင် ဆွေးနွေးရန် တောင်းဆိုထားသည်။
ဆန္ဒပြရာတွင်ပါ၀င်သူ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုဇေယျာလွင်က “ပညာရေး ဥပဒေကြမ်းက stake holders တွေအားလုံး ပါ၀င်တဲ့ ဥပဒေကြမ်းဖြစ်မှ ရေရှည်တည်တံ့တဲ့ ဥပဒေဖြစ်မှာပေါ့။ အခုအတည်ပြုထားတဲ့ဥပဒေကြမ်းက ပညာရေးဖိနှိပ်မှုတွေကိုပဲ ဦးတည်နေတယ်” ဟု ပြောသည်။
အမျိုးသားပညာရေးဥပဒေကြမ်းသည် ဗဟိုချုပ်ကိုင်မှုစနစ်ကို ဦးတည်ရေးဆွဲထားသောကြောင့် ကန့်ကွက် ရခြင်းဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂအဖွဲ့များ အနေဖြင့် ပထမဆုံးအကြိမ် ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုမိန့်ယူခဲ့ခြင်းမရှိဟု ၎င်းက ဆိုသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုတေဇာက “ပညာရေးပြုပြင်ပြောင်းလဲမှုမှာ အားလုံးပူး ပေါင်းပါ၀င်ဖို့ လိုတယ်။ အဲ့ဒါကို ကျောင်းသားသမဂ္ဂအဖွဲ့က မပါ၀င်ရဘူးဆိုရင်တော့ ကျောင်းသားထုတစ်ရပ် လုံး ကို ဂရုမစိုက်တာပဲ။ ကျောင်းသားတွေအတွက် ညီမျှတဲ့ ဥပဒေကြမ်းတစ်ရပ်ဖြစ်ဖို့ ကျောင်း သားသမဂ္ဂက ဆက်လက် လုပ်သွားမှာပါ”ဟု ဆိုသည်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊ နိုင်ငံတော်သမ္မတမှ ဦးဆောင် သည့် လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီနှင့် လွှတ်တော်မှဖွဲ့ ထားသော ပညာရေးပြုပြင်ပြောင်းလဲမှုကော်မတီတို့ ရေးဆွဲခဲ့သော ပညာရေးမူကြမ်းများတွင် သမ္မတဦး ဆောင်သည့် လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ၏ အမျိုးသား ပညာရေးမူကြမ်း ကိုသာ မတ် ၁၆ ရက်နှင့် ၁၇ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။