မြေဖြူဖြင့်နေအိမ်များတွင်အမှတ်အသားပြုလုပ်၍ သန်းခေါင်စာရင်းကောက်

မြေဖြူဖြင့်နေအိမ်များတွင်အမှတ်အသားပြုလုပ်၍ သန်းခေါင်စာရင်းကောက်
by -
စူးမလ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မတ်လ ၂၉ရက် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမကောက်မှီတစ်ရက်အလိုတွင် မြေဖြူဖြင့် အိမ်နံပါတ် (သို့)အိမ်အမှတ်အသားများ ပြုလုပ်ကြသည်။

ဒီးမော့ဆို မြို့နယ် လဝက ဦးစီးမှူး ဦးမြင့်နိုင်က “အိိမ်အမှတ်အသားကျတော့ ကျနော်တို့ ဒီမှာက စက္ကူနဲ့ မကပ်နိုင်ဘူး။ မကပ်နိုင်ဘူးဆိုတာက နယ်မြေကလည်း ကျယ်တယ် ကျယ်တဲ့အခါ ကျနော်တို့က
မြေဖြူနဲ့ပဲ အိမ်အမှတ်အသားလုပ်တယ်။ အဲလိုပဲ လုပ်ထားပါတယ်”ဟု ဆိုသည်။

အိမ်အမှတ်အသားကို အိမ်နံပါတ်ရေးခြင်းသည် မိမိ မိသားစုတွင် မည်သည့်ရက်အတွင်း ကောက်မည်ဆိုသည်ကို သိနိုင်သော်လည်း မြေဖြူနှင့် ရေးခြင်းအားဖြင့် ကြာကြာခံနိုင်မည်မဟုတ်ကြောင်း ဒီးမော့ဆိုမြို့မှ
ဒေါ်တော်မယ်က ဆိုသည်။

ဘောလခဲခရိုင် လဝက ဦးစီးမှူး ဦးကျော်ဌေးက “အိမ်အမှတ်အသားကျတော့ ကျနော်တို့ ကောက်ကွက်အလိုက် သက်ဆိုင်ရာ မြို့နယ်လိုက်မြို့နယ်လိုက် လုပ်သွားပါတယ်။ ဥပမာဆိုပါတော့ ဘောလခဲမြို့နယ်ဆိုရင် နှစ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ငါးအုပ်စုရှိတယ်။ အခုလက်ရှိ ရှိ်နေတဲ့ ကျနော်တို့ဝန်ထမ်းနဲ့ဆို လုံလောက်တယ်။ လွန်ခဲ့တဲ့တစ်လလောက်တုန်းက ကျနော်တို့ ကွင်းဆင်းတယ် ဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ခရိုင်အတွင်းမှာ အားလုံးဆောင်ရွက်ပြီးပြီ ဖြစ်ပါတယ်။ ဒါကတော့ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ပြီးနေတဲ့အနေ အထား ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆောက်အဦးကို အိမ်နံပါတ် (သို့) အမှတ်အသားပြုလုပ်ချိန်တွင် လက်ဝဲရစ်မှ အစဉ်အလိုက်ဖြစ် အိမ်ခြေ ၅၀ ရှိမည်ဆိုလျှင် တစ်ကနေစတင်ပြီး နှစ် သုံး လေး အစဉ်အလိုက်သွားမည် ဖြစ်ကြောင်း ဘောလခဲခရိုင် ဦးစီးမှူးက ဆိုသည်။

ဘောလခဲခရိုင် ဦးစီးမှူးက “ကျနော်တို့ ဒီဖက်ကတော့ မြို့ကြီးပြကြီးလို အဝင်အထွက်တွေလည်း မရှုပ်ပါဘူး။ ရွာနေပြင်ထိုင်နေပြင်များတယ်။ ဆိုတော့ ကျနော်တို့က သိပ်ပြီးတော့မှ အတိုးအလျှော့မရှိဘူး။ သို့သော်
အကြောင်းကြောင်းကြောင့် ဒီဖက်ဒေသအနေအထားအရ အခု ကျနော်တို့ ပြီးခဲ့တဲ့ တပို့တွဲ တပေါင်း။ အဲဒါတွေမှာ နေရာအပြောင်းအလဲရှိပါတယ်။ အဲဒီလို ပြောင်းတာတွေအတွက်လည်း တွေ့တဲ့အခါမှာ ကျနော်တို့ စာရင်းစစ် စာရင်းကောက်တွေကို မှာထားပါတယ်”ဟု ဆိုသည်။

အိမ်အမှတ်အသား အိမ်နံပါတ်ကပ်ပြီးချိန်တွင် အရေအတွက် တစ်မှ ငါးဆယ်ကြားတွင် အိမ်သစ်ထပ်တိုးပါက ထိုအိမ်ကို အိမ်နံပါတ် ၅၁ / နှင့် မည်သည့် အိမ်အမှတ်နားတွင် တွေ့သည်ဖြစ်ကြောင်းကိုလည်းမှတ်သားထား ကြောင်း ၄င်းက ဆက်ဆိုသည်။

ဘောလခဲခရိုင် ဦးစီးမှူးက “မထပ်မကျန်အောင် ကျနော်တို့ ဒီလိုလေး လုပ်ထားပါတယ်”ဟု ဆိုသည်။

ဘောလခဲခရိုင်အတွင်းတွင် အိမ်အမှတ်အသား နံပါတ်များကို ကွန်ပျူတာ စာစီပြီး အေဖိုးစာရွက်နှင့်ပြု လုပ်ကြောင်း၊ မိုးဒဏ်လေဒဏ်နှင့် ကလေးများမမှီသည့်နေရာ တွင် ကပ်ထားကြောင်းနှင့် ဘောလခဲခရိုင် တစ်ခုလုံးတွင် ထိုကဲ့့သို့ ဆောင်ရွက်ထားကြောင်း ၄င်းက ဆက်ပြောသည်။