နေ့အလိုက်ကောက်မည့် သန်းခေါင်စာရင်း ကြိုတင်အကြောင်းကြားစာပေးထား

နေ့အလိုက်ကောက်မည့် သန်းခေါင်စာရင်း ကြိုတင်အကြောင်းကြားစာပေးထား
by -
စူးမလ်

ကယားပြည်နယ် ဘောလခဲခရိုင်တွင် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မကောက်မီ နှစ်ရက် အလိုတွင် နေ့အလိုက်ကောက်ယူမည့် ကြိုတင်အကြောင်းကြားစာကို အိမ်ထောင်စုတိုင်း တွင် ပေးထားကြောင်း  ဘောလခဲခရိုင် (လဝက) ဌာနမှ လက်ထောက်ညွန်ကြားရေးမှူးက ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

ဘောလခဲခရိုင် ဦးစီးဌာနမှူး ဦးကျော်ဌေးက “ဒီအကြောင်းကြားစာကို ကြိုတင်ပေးလိုက်ခြင်းအားဖြင့် နံပါတ် ၁ က သူက ဒီလုပ်ငန်းကြီးနဲ့ပတ်သက်ပြီး ၁၂ ရက်လုံးလုံး သူထိုင်စောင့်နေစရာမလိုတော့ဘူး။ သူ့အချိန် ဘယ်ရက် ဘယ်အချိန်မှာ မနက်ပိုင်းမှာ နေ့လည်ပိုင်းမှာ ညနေပိုင်းမှာလား။ ဒါဆိုရင် သူ့ရဲ့လုပ်ငန်းခွင်မပျက် သူလုပ်နိုင် တယ် ကျန်တဲ့ အခြားသွားစရာ လာစရာတွေလည်း သွားနိုင်တယ် လာနိုင်တယ်” ဟု ဆိုသည်။

ထိုသို့ ကြိုတင်အကြောင်းကြားစာ ပေးလိုက်ခြင်းအားဖြင့် မိမိ မိသားစုတွင် ကျရောက်မည့်အချိန်တွင်သာ နေပေးလျှင် စာရင်းကောက်အတွက်နှင့် ကာယကံရှင်အတွက် အဆင်ပြေပြီး အချိန်ကုန်သက် သာမည်ဖြစ် ကြောင်း နှင့် ဤလုပ်ငန်းသည်လည်း မှန်ကန်တိကျပြီး လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ဘောလခဲခရိုင် ဦးစီးဌာနမှူးက ဆိုသည်။

ဘောလခဲခရိုင် ဦးစီးဌာနမှူးက “အဲဒါအပြင်ကို ကျနော်တို့က နေ့အလိုက် ဥပမာ ကျနော်တို့က ဆိုပါတော့ ကောက်မှာက ၂၉ ရက်နေ့ည ၁၂နာရီအချိန်မှာ ကျနော်တို့က ရည်ညွန်းချိန် သတ်မှတ်တယ်။ မတ်လ ၃၀ ကနေ ဧပရယ် ၁၀ ရက်နေ့ကထိ ၁၂ရက်ကောက်မယ်။  ကောက်မယ်ဆိုတာက ဘယ်ရက်လာမယ်ဆိုတာကို ကြိုမသိနိုင်ဘူးလေ” ဟု ဆိုသည်။

စာရင်းစစ် စာရင်းကောက်များ ရပ်ရွာအတွင်း ကွင်းဆင်းချိန်တွင် ကြိုတင်အကြောင်းကြားစာကို တစ်ပါတည်း ပေးသွားတာဖြစ်ပြီး ရွာသို့ရောက်ချိန်တွင် နှစ်ရက်ကြိုပြီး အကြောင်းကြားကြောင်း ဘောလခဲခရိုင်
ဦးစီးဌာနမှူးက ဆိုသည်။

ဘောလခဲမြို့မှ ဦးစဲရယ်က “ဒီလိုမျိုး ကြိုတင်အကြောင်းကြားစာတွေပေးလိုက်တော့ ကျနော်တို့အတွက် အလုပ်မပျက်တော့ဘူးပေါ့။ ဘာလို့လဲဆိုရင် ကျနော်တို့ကို ကြိုတင်အကြောင်းကြားစာ မပို့ရင် ကိုယ့်အိမ်ကို
ဘယ်အချိန်လာကောက်မလဲဆိုတာကို မသိတော့ တစ်နေကုန်ထိုင်စောင့်နေရင် အလုပ်မဖြစ်တော့ဘူးလေ” ဟု ဆိုသည်။

ယခုလိုကြိုတင်အကြောင်းကြားစာ ပေးလိုက်ခြင်းအားဖြင့် မိမိ၏ လုပ်ငန်းကိုလည်း မထိခိုက်တော့ကြောင်းနှင့် မိမိ မိသားစုအလှည့်ရောက်ချိန်သာ စောင့်ရမှာဖြစ်ကြောင်း ၄င်းက ပြောသည်။
 
အကြောင်းကြားစာ အတွင်းတွင် သန်းခေါင််စာရင်းကောက်ယူရန်အတွက် စာရင်းကောက်အမည် နေ့ရက်နှင့် မည်သည့်အချိန်တွင် လာရောက်မည်ဖြစ်ကြောင်းပါရှိ၍  အိမ်တွင် အိမ်ထောင်ဦးစီး (သို့) အိမ်ထောင်စု၏ အကြောင်းအရာကို ဖြေဆိုနိုင်မည့် အိမ်ထောင်စုသား တစ်ဦးဦးစောင့်ပေးပါရန် မေတ္တာရပ်ခံကြောင်း ရေးထားသည်။

ဘောလခဲခရိုင် ဦးစီးဌာနမှူးက “မနက်ပိုင်းလား ညနေပိုင်းလား ဒီလိုလေး ရေးပေးထားပါတယ်”ဟု ဆိုသည်။

ဘောလခဲခရိုင်အတွင်းတွင် ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲမြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲ တစ်မြို့တို့ဖြစ်သည်။