ချင်းပြည်နယ် တီးတိန်မြို့ရှိ ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံးရှေ့တွင် မတ်လ ၂၇ ည ၈း၃၀ နာရီခန့်က ချိန် ကိုက်ဗုံးတလုံးပေါက်ကွဲကြောင်း ဒေသထုတ်သတင်းက ဆိုထားသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရရှိမှု၊ အသေအပျောက်မရှိသည့်အပြင် ရုံးအဆောက်အဦးလည်း ထိခိုက် မှု မရှိ ကြောင်း ဒေသခံများက ပြောသည်။
အကြောင်းရင်းမှာ မကြာခင်ကောက်ခံမည့် သန်းခေါင်စာရင်းတွင် လူမျိုးအမည်နာမ ထည့်သွင်းရေးနှင့် ပါတ်သက်ပြီး မျိုးနွယ်စုစွဲ၊ ဒေသစွဲသမားတချို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။
” တီးတိန်မြို့နယ် ဒေသခံတွေက လာမည့်သန်းခေါင်စာရင်းကောက်ယူချိန်မှာ လူမျိုးအမည်ရှေ့တွင် “ချင်း” ဟု မထည့်ကြရန် ဆော်သြမှုများရှိနေတယ်၊ CNF က ချင်းကို ထည့််ကြရန် တိုက်တွန်းကြတယ်၊ အကြောင်းရင်းက ဒါပါပဲ” ဟု အမည်မဖော်လိုသူတဦးက ပြောကြသည်။
အစိုးရသတ်မှတ်ချက်အရ ချင်းလူမျိုးတွင် ချင်းမျိုးနွယ်စု ၅၃ မျိုးရှိသည်ဟု ဆိုထားသော်လည်း ဇိုမီး မျိုးနွယ်စု မပါရှိပေ၊ ယင်းကိစ္စအတွက် လာမည့်သန်းခေါင်စာရင်းတွင် ” ချင်း ” အစား ” အခြား ” ဟု ထည့်သွင်းကြရန် ဇိုမီး မျိုး နွယ်စု များအတွင်း ပြောဆိုမှုများလည်းရှိနေသည်။
၂၀၁၃ ခုနှစ် ဟားခါးတွင်ကျင်းပသည့် ဒုတိယအကြိမ်ချင်းအမျိုးသားညီလာခံက သန်းခေါင်စာရင်းတွင် ချင်းကုတ် ၄၀၁ ကို ထည့်သွင်းကြရန် တညီတညွတ် တည်း ဆုံးဖြတ် ထားခဲ့ခြင်းဖြစ်သည်။