သျှမ်းပြည်တလွှား တပ်အင်အား တိုးချ၍ သျှမ်းလူထု အပေါ် လူ့အခွင့်အရေး ချိုးဖေါက်နေမှုများ ရပ်တန့်ရန် သျှမ်း လူ့အခွင့်အရေး ဖေါင်ဒေးရှင်းက ကြေငြာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
သျှမ်းပြည်အရှေ့ပိုင်းမိုင်းတုံမြို့နယ်၊ သျှမ်းမြောက်ပိုင်း နောင်ချို နှင့် ကျောက်မဲမြို့နယ် အတွင်း မြန်မာအစိုးရ တပ်များက ဒေသခံလူထုအပေါ် ဥပဒေမဲ့ တိုက်ခိုက်ခြင်း၊ လူ့အခွင့်အရေးအမျိုးမျိုးချိုး ဖေါက်ခြင်း တို့ကြောင့် ဒေသခံ ရွာသား ၂၀၀၀ ဦး ထက်မနည်း နေရပ်မှ စွန့်ခွာကာ တောတောင် အတွင်း၌သော်လည်းကောင်း၊ ထိုင်းနယ်စပ်သို့လည်းကောင်း ထွက်ပြေးတိမ်း ရှောင်ကြသည်ဟု ဆိုသည်။
“မြန်မာစစ်တပ်ကနေပြီးတော့ သျှမ်းလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေး ချိုး ဖေါက်မှုတွေ ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတုန်းဘဲ။ ဒီလုပ်ရပ်ဟာ တနိုင်ငံလုံးအတိုင်းအတာ နဲ့ အပစ် ခတ်ရပ်ဖို့ နှောင့်နှေးမှု တွေ ဖြစ်စေမှာမလွှဲဘူး။ ကျမတို့ စစ်တမ်းကောက်ယူမှုကနေသိရှိချက်အရ အောက်ပြည်ကလည်း တပ် အင်အား တွေပို့လာတယ်၊ ရွာသားတွေကို ဖမ်းဆီးရိုက်နှက်တယ်။ ရွာတွေထဲကို မော်တာတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တယ်။ ပစ္စည်းဥစ္စာတွေကို အဓမ္မလုယူတယ်။ ရပ်တန်းကရပ်ဖို့ ကျမတို့ အနေနဲ့ ဦးသိန်းစိန်အစိုးရကို တောင်းဆိုလိုပါတယ်” ဟု သျှမ်းလူ့အခွင့်အရေးဖေါင်ဒေးရှင်းက အရာရှိ နန်းခေါန်လိတ် က ပြောသည်။
လူထုအပေါ် လူ့အခွင့်အရေး ချိုးဖေါက်နေသည့် အစိုးရတပ်များမှာ တပ်ရင်း ခမရ ၅၀၂၊ ၅၀၃၊ ၅၁၉၊ ခလရ ၁၁၅ ၊ ၅၃ နှင့် ပဲခူးမှ လာသည့် တပ်မ ရ၇ လက်အောက်ခံတပ်များပါဝင်သည်ဟု ဆိုသည်။
Harvard University’s International Human Rights Clinic ကလည်း မတ်ခ်ျ ၂၄ ရက်နေ့ က ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ - ‘မြန်မာစစ်တပ်မှ ဒေသခံလူထုအပေါ် အရပ်သား စစ်သား (တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့) မခွဲခြားဘဲ တိုက်ခိုက်မှုအမျိုးမျိုးပြုလုပ်နေခြင်း၊ လူအခွင့်အရေးအမျိုးမျိုး ချိုးဖေါက် နေခြင်း၊ ဆယ်စုနှစ်ကြာ အပြစ်မဲ့ပြည်သူလူထု အား ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေသည့် ပေါ်လစီများ ဖျက်သိမ်းရန်’ - မြန်မာအစိုးရအား တောင်းဆိုခဲ့သည်ဟု SHRF အစီရင်ခံစာတွင် ဖေါ်ပြထားပါ သည်။