ကရင်ပြည်နယ်အတွင်းရှိိ ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ (၆) ဒူးပလာယာခရိုင်တွင် ပြည်နယ်လဝက ဦးစီးဌာနမှ သန်းခေါင်းစာရင်းကောက်ယူရရှိမှု ကေအဲန်ယူအား စာရင်းမိတ္တူပေးမည်ဟု ဒူးပလာခရိုင်အတွင်း ရေးမှူး ဗိုလ်လစ္စတန်က ကေအိုင်စီသို့ပြောသည်။
ယင်းသန်းခေါင်းစာရင်းကောက်ယူရရှိမှု စာရင်းမိတ္တူပေးမည်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယအပတ်၌ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်နယ်သန်းခေါင်စာရင်းအတွင်းရေးမှူး၊ ပြည်နယ်လဝက ဦးစီးမှူး ဦးထိန်ဝင်းဦးဆောင်အဖွဲ့နှင့် ကေအဲန်ယူဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် ဦးစီးသော ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တို့ သန်းခေါင်စာရင်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍
နှစ်ဖက်ညှိနှိုင်းဆွေးနွေးချိန်တွင် ကေအဲန်ယူဘက်က တောင်းဆိုခဲ့ရာ ပြည်နယ်လဝကမှလည်း သဘောတူညီခဲ့သည်။
“ကျွန်တော့်တို့တောင်းရတယ် ဆိုတာက မိမိဒေသအခြေအနေနဲ့ မိမိဒေသအတွင်းမှာ ရှိနေတဲ့ စာရင်းအမှန်ပေါ့ နော် မိမိလူထု ဦးရေ အရေအတွက် အစိုးရကယူသလို မိမိကဒီဒေသထဲမှာရှိတာ အစိုးရက ဟိုအဝေးကနေ လာပြီးယူတာတောင် သိသေးတယ် မိမိကိုယ်တိုင်တော့ သိထားဖို့လိုတာပေါ့ သိလည်းသိရမယ် မိမိဒေသထဲမှာ
သိထားခြင်းအားဖြင့် လူဦးရေသာမက ခုလိုသူတို့တောင်းဆိုတဲ့ အချက် ၄၁ ချက်အတိုင်း မိမိတို့လည်းသိထားရင် ဒေသနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ စီမံကိန်းတွေ ရေးဆွဲမယ်ဆိုရင်လည်း တည်ငြိမ်တဲ့ ကာလတစ်ခုမှာဆိုရင်
ကိုယ်ကိုတိုင်းလည်း ရေးဆွဲနိုင်တဲ့အနေအထားမျိုးပြင်ဆင်နိုင်တာပေါ့ အဲဒီအတွက်ဖြစ်တယ်” ဟု ဗိုလ်စ္စတန်က ပြောပြီး ၄င်းစာရင်းကို မပေးပါက ကောက်ယူခွင့်မပြုဟု ဆိုသည်။
သန်းခေါင်စာရင်းဥပဒေတွင် သန်းခေါင်စာရင်း ကောက်ယူထားသော အချက်အလက်များနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို သန်းခေါင်စာရင်းကောက်ယူရန် တာဝန်ရှိသူမှအပ မည်သူမျှ စစ်ဆေးခြင်း
သို့မဟုတ် ကူးယူးသိမ်းဆည်းခြင်း မပြုရ၊ ဤဥပဒေအရ သန်းခေါင်စာရင်းကောက်ယူသည့် အချက်အလက်များ ကို သန်းခေါင်စာရင်းကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုရ ဟုသန်းခေါင်စာရင်း ဥပဒေစာအုပ်၏ အခန်း (၅) ပုဒ်မ (၁၄-၁၅) တွင်ဖော်ပြထားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ပြည်သူ့အင်းအားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က “သန်းခေါင်စာရင်းဥပဒေမှာ သန်းခေါင်းစာရင်းကောက်ခံံရသည့် မိသားစုတွေကို ကာကွယ်ပေး ထားတယ်၊ သန်းခေါင်စာရင်း ကောက်တဲ့အခါမှာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးဆိုင်ရာ အချက်အလက် တွေပါဝင်တယ် ဒီကိုယ်ရေးဆိုင်ရာ အချက်အလက်တွေကို သန်းခေါင်စာရင်းကောက်တဲ့ စာရင်းစစ်၊
စာရင်းကောက် ဆရာ၊ဆရာမတွေ လုံးဝဓာတ်ပုံရိုက်လို့မရပါဘူး မိတ္တူကူးလို့ မရပါဘူး ကျန်တဲ့အဖွဲ့အစည်း တွေကို ပေးလို့မရပါဘူး ဒါတွေကို ကျွန်တော်တို့က မြို့နယ်သန်းခေါင်းစာရင်းကော်မတီမှတစ်ဆင့် ကျွန်တော်တို့ရုံးချုပ်ကို ပို့ပေးရမှာ ဖြစ်ပါတယ်” ဟု ကရင်ပြည်နယ်၊ ဘားအံမြို့ သန်းခေါင်စာရင်းကောက် ယူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။
ကရင်ပြည်နယ်လူဝင်ကြီးကြပ်ရေး ဦးစီးမှူး ဦးထိန်ဝင်းက “ မိတ္တူကူးခွင့်မရှိပါဘူး မေးမယ်လို့လည်း မပြောပါဘူး ဒါထုတ်ပြန်ကြေငြာရမှာပါ ကျွန်တော်တို့ လုပ်ပေးလို့မရဘူးလေ နိုင်ငံတော်ကနေ အကုန်လုံး ထုတ်ပြန်ကြေငြာ ပေးမှာကို နိုင်ငံတော်ကနေ ထုတ်ပြန်ရမယ့်အချိန်မှ ထုတ်ပြန်ရမယ်လေ လက်ရှိ ကျွန်တော်တို့ ကောက်နေဆဲ ထဲမှာလည်း သူဟာသူသက်ဆိုင်ရာ စာရင်းကောက်ကနေ ကောက်ပြီး စာရင်းစစ်က စစ်ပြီးမှ သက်ဆိုင်ရာကိုအပ်ရမယ် စာရင်းစစ်စာရင်းကောက်လွဲရင် ကျွန်တော်တို့လည်း ကြည့်ခွင့်မရှိပါဘူး ဆွေးနွေးတဲ့ထဲမှာလည်းမပါဘူး သူသိတာမှားသွားလို့ဖြစ်မှာပါ” ဟုပြောသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းဥပဒေတွင် အခန်း (၇) ခန်းနှင့် ပုဒ်မ၂၇ ခုရှိပြီး မြန်မာ နှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ၂၀၁၃ ခုနှစ်တွင် ပြဌာန်းထားသည်။