ထိုင်းနိုင်ငံ လုပ်သားစေလွှတ်မည့် အေဂျင်စီများကို လုပ်သား ၄၀၀ အထိခွင့်ပြုမည်

ထိုင်းနိုင်ငံ လုပ်သားစေလွှတ်မည့် အေဂျင်စီများကို လုပ်သား ၄၀၀ အထိခွင့်ပြုမည်
by -
မဇ္ဈိမ

ထိုင်းနိုင်ငံနိုင်ငံ၏ အလုပ်သမားလိုအပ်ချက်အရ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်သမား တင်ပို့သည့် အေဂျင်စီများကို အလုပ်သမား ၄၀၀ အထိ တင်ပို့နိုင်ရန် ခွင့်ပြုလိုက်ကြောင်း ပြည်ပ အလုပ်အကိုင် ၀န် ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော်က မဇ္ဈိမ ကိုပြောသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့မည့် ပြည်ပအလုပ်အကိုင် ကုမ္ပဏီများအား ယခင်ခွင့်ပြုခဲ့သည့် လုပ်သား ၂၀၀ ဦးမှ ယခု အချိန်တွင် ၄၀၀ ဦးသို့ တိုးမြှင့်ခွင့်ပြုပေးလိုက်သည်ဟု မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

မြန်မာနိုင်ငံမှ လုပ်သားများကို ထိုင်း နိုင်ငံသို့တင်ပို့မည် အလုပ်သမား အေဂျင်စီ ကုမ္ပဏီများအနေဖြင့် ရက် ပေါင်း ၆၀ အတွင်း လုပ်သား ၄၀၀ကို အပြီးတင်ပို့နိုင်ရမည်ဖြစ်ပြီး တင်ပို့နိုင်ခြင်းမရှိဘဲ လုပ်သား ၄၀၀ တင် ပို့လိုကြောင်း တင်ပြလာသည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနက အရေးယူသွားမည်ဖြစ်သည်ဟု ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောသည်။

ဦးကျော်ထင်ကျော် က “ အေဂျင်စီ ကုမ္ပဏီတွေက ကိုယ်အမှန်တကယ် မတင်ပို့နိုင်ဘဲနဲ့တော့ ၄၀၀ ခွင့်ပြု တယ်ဆိုပြီး ၄၀၀ လုံးလာတင်တာတော့ မလုပ်သင့်ဘူး။ ကိုယ့်ဘက်က ပို့နိုင်တာက ၁၀၀ ပဲဆိုရင် ၁၀၀ ပဲ လာတင်တာ အကောင်းဆုံးပဲ။ အဲလိုမျိုးမနိုင်ဘဲနဲ့ တင်လိုက်တယ်ဆိုရင် တခြားအေဂျင်စီတွေ အတွက်ထိ ခိုက်တယ်။ ၀န်ကြီးကို အဖွဲ့ချုပ်က အာမခံခဲ့တဲ့အတွက် ကျွန်တော်တို့ပါ အရေးယူခံရမယ်”ဟု ပြောသည်။

မတ်လ ၂၅ ရက်တွင် အဖွဲ့ချုပ်ရုံးတွင် အသင်းဝင်အေဂျင်စီများနှင့် ဆွေးနွေးခဲ့ကြပြီး ထိုင်းသို့ အလုပ်သမား တင်ပို့ရာတွင် လူရှာပေးသည့်ပွဲစားများကို ဒါရိုက်တာစာရင်းတွင် ထည့်သွင်းထားသည့် ကုမ္ပဏီများ ရှိနေ ကြောင်းနှင့် လူပွဲစားများကို ဒါရိုက်တာစာရင်းမှ ထုတ်ပယ်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဦးကျော်ထင်ကျော်က ပြောသည်။

ထိုင်းသို အလုပ်သမားတင်ပို့ရာတွင် ပြဿနာများပေါ်ပေါက်ခြင်းမှာ ယင်းပွဲစားများကြောင့်ဖြစ်ပြီး ပွဲစားများနှင့် ပတ်သက်သည့် ကြော်ငြာတစ်ရပ်ကိုလည်း အလုပ်သမားဝန်ကြီးဌာနက မကြာခင်ထုတ်ပြန် ကြေညာပေး နိုင်ဖွယ်ရှိသည်ဟု ဦးကျော်ထင်ကျော်က ပြောသည်။ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံသို့ အလုပ်သမားတင်ပို့ သည့် ကုမ္ပဏီ ၆၀ ကျော် ရှိသည်။

Most read this week