ဇာဂနာနှင့် အဖွဲ့သားများ မြစ်ကြီးနားမြို့တွင်သန်းခေါင်စာရင်း အကြို လှုံဆော်ပွဲကျင်းပ

ဇာဂနာနှင့် အဖွဲ့သားများ မြစ်ကြီးနားမြို့တွင်သန်းခေါင်စာရင်း အကြို လှုံဆော်ပွဲကျင်းပ
by -
မြစ်ကြီးနားဂျာနယ်

စွယ်စုံအနုပညာရှင် ဇာဂနာနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ငြိမ်းချမ်းသာယာဘောလုံးကွင်း၌ သန်းခေါင်စာရင်း အကြိုလှုံဆော်ဟောပြောပွဲကို မတ် ၂၆ ရက်ညက ရှစ်နာရီကြာပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ လူဦးရေစာရင်းသည်လည်း အရေးပါ၍လူဦးရေကို သိရှိရခြင်းအားဖြင့် နိုင်ငံတွင် ဆင်းရဲမွဲတေမှု လျော့ချရေးကိုလည်း အထောက်အကူပြုမှာဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ရာ တွင် မေးလာမည့် မေးခွန်း (၄၁)ချက်ကို မှန်မှန်ကန်ကန် ဖြေဆိုပေးကြရန် ဇာဂနာက ပြောသည်။

“မှန်မှန်ကန်ကန်ဖြေဆိုပေးခြင်းဟာ တိုင်းပြည်အတွက် (၁၀) နှစ်စာ ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ အတူတူဖြစ်လို့ပြည် သူအားလုံးက ဝိုင်းဝန်းပါဝင်ကူညီကြပါစို့” ဟု ဇာဂနာက တိုက်တွန်းပြောခဲ့သည်။

အဆိုပါ သန်းခေါင်စာရင်းအကြို လှုံဆော်ပွဲ တက်ရောက်သူ ပရိတ်သတ်တစ်ဦးက “ပြည်သူ့အတွက်ဆို အမြဲတမ်း ရှေ့ကနေတတ်တဲ့ ကိုဇာဂနာလို လူတစ်ယောက်က မေးခွန်း (၄၁) ချက်ကို ရဲရဲဖြေဖို့ ရှင်းပြသွားတာ ကောင်းပါတယ်။ တချို့က ပိုင်ဆိုင်မှု အမှန်ပြောရမှာ လန့်နေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို နှစ် ၃၀ ကျော်ကြာမှ ၂၀၁၄ သန်းခေါင်စာရင်းကို ကောက်ခံခြင်းဖြစ်ကာ နောက်ဆုံး ကောက်ခဲ့သည့် ၁၉၈၃ ခုနှစ်က လူဦးရေကို အခြေခံ၍ လူဦးရေ သန်း ၆၀ ဟု ခန့်မှန်းကာ
အလုပ်လုပ်နေရသဖြင့် အချို့ဒေသများတွင် နစ်နာမှုရှိနေပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က လုပ်ဆောင်ပေးနိုင်မှု အားနည်းခဲ့သည်ဟု မြစ်ကြီးနားမြို့တွင် နေထိုင်သူ အသက် ၅၀ အရွယ်ရှိဦးကြီး တစ်ယောက်က သုံးသပ်ပြောဆိုသည်။

မတ် ၂၆ ရက်နေ့က ကျင်းပခဲ့သည့် သန်းခေါင်စာရင်း အကြိုလှုံ့ဆော် ဟောပြောပွဲသို့ ပရိတ်သတ် ၂၀၀၀ ကျော်ခန့် လာရောက်ခဲ့ပြီး အဆိုတော် ဟဲလေးနှင့် L ဆိုင်းဇီတို့လည်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။