သန်းခေါင်စာရင်းတွင် မွန်လူမျိုးအဖြေမှန်ဖြေကြရန် AMDP နှိူးဆော်

သန်းခေါင်စာရင်းတွင် မွန်လူမျိုးအဖြေမှန်ဖြေကြရန် AMDP နှိူးဆော်
by -
မွန်အေဂျင်စီ

မတ်လ ၃၀ ရက်နေ့ သန်းခေါင်စာရင်းစတင်ကောက်ယူသည့်အခါ မွန်လူမျိုးတိုင်း မွန်ဟုဖြေကြားရန် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးမြို့နယ်ဒေသရှိ မွန်တိုင်းရင်းသားများအား မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)မှ အသံချဲ့စက်ဖြင့် လိုက်လံနှိုး ဆော်နေကြကြောင်း သိရသည်။

ဘုရားသုံးဆူမြို့ AMDP ရုံး ပြန်ကြားရေးနှင့် ဆက်ဆံရေးတာဝန်ခံ နိုင်သိန်းဇော်က “သန်းခေါင်စာ ရင်းဖြေတဲ့အခါမှာ ဒေသမှာရှိတဲ့ကျေးရွာ  ပြည်သူတွေအားလုံးသိရှိနားလည်ဖို့ ၊ဖြေကြားတဲ့အခါမှာ မကြောက်ဖို့ ကျနော်တို့ပါတီဝင်တွေ ကားနဲ့လှည့်ပြီး လိုက်လံရှင်းပြပေးနေတယ်၊ ဒီနေ့မနက်က ဘုရားသုံးဆူမြို့ပေါ်နဲ့ ချောင်းဆုံကျေးရွာကိုသွားခဲ့တယ်” ဟု ပြော သည်။

သန်းခေါင်းစာရင်းလာရောက်ကောက်ခံသည့်အခါ မွန်တိုင်းရင်းသားများသည် မိမိတို့ မွန်လူမျိုးဖြစ်ကြောင်း အမှန်ဖြေကြားရန်၊ မွန်လူမျိုးကုတ်နံပါတ် (601) မှန်အောင်ထည့်သွင်းရန်နှင့် မိသားစုနှင့် အဝေးရောက်သူ များအတွက် အမည်စာရင်း၊ လူမျိုးထည့်သွင်း ဖြေကြားသွားရန် ဘုရားသုံးဆူမြို့ခံ AMDP တာဝန်ရှိသူတို့က လိုက်လံနှိုးဆော်ခြင်း ဖြစ်သည်။

အသိပေးနှိုးဆော်ခြင်းနှင့်အတူ သန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး လက်ကမ်းစာစောင်များကိုလည်း လိုက်လံဖြန့် ဝေခဲ့သည်ဟု နိုင်သိန်းဇော်က ဆက်ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(ဗဟို) တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က "ကျနော်တို့ပါတီ သဘောထားက ကိုယ်မွန်လူမျိုးဖြစ်တာကို ရဲရဲတင်းဖြေကြားဖို့၊ ဖြေကြားတဲ့အတိုင်း စာရင်းကော်သူတွေ 601 ကုတ်နံပါတ်အမှန်ရေး၊ မရေးပြန်စစ်ကြည့်ဖို့လိုတယ်" ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ ၁၁ ရက်နေ့စွဲဖြင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ထုတ်ပြန်ကြေညာချက်တစ်ရပ်တွင် မွန်လူမျိုးတိုင်း မွန်ဟုရဲရဲတင်းတင်းဖြေကြားရန် နှိုးဆော်ထားသည်။

၁၅ နှစ်အောက်လူငယ်များအား ဖခင်၏လူမျိုးအမည်ကိုရေးသွင်းထည့်သွင်းမည်ဖြစ်ပြီး ၁၅ နှစ်အထက်များအား မိခင်(သို့မဟုတ်)ဖခင်၏ လူမျိုးတစ်မျိုးကိုခံယူနိုင်ကြောင်း သန်းခေါင်စာရင်းစည်းကမ်းသတ်မှတ်ချက်အရ သိရသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ နေ့စဉ် နံနက် ရ နာရီမှ ညနေ ၆ နာရီအချိန်ထိ ကောက်ခံသွားမည်သက်ဆိုင်ရာက အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၈၃ ခုနှစ်တွင် ဒုတိယအကြိမ် ကောက်ယူခဲ့ပြီး ယခုအခါ တတိယအကြိမ်ကောက်ယူခြင်း ဖြစ်သည်။

Most read this week