ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု အလက ၂ တွင် ခရိုင်အဆင့်မှသင်တန်းတက် ပြီးသွား သည့် ဆရာ၊မများသည် နည်းပြအဖြစ် စာရင်းစစ် စာရင်းကောက်သင်တန်းကို အောင်မြင်စွာပို့ချပြီးစီးပြီး သင်တန်းဆင်းလက်မှတ်ကို မတ်လ ၂၂ ရက်နေ့တွင် ပေးအပ်ခဲ့သည်ဟု စာရင်းစစ် စာရင်းကောက် နည်းပြ တာဝန်ခံက ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။
နည်းပြတာဝန်ခံအဖြစ် တာဝန်ယူထားသည့် အင်ကုန်း အထကခွဲ ကျောင်းအုပ်ဒေါ်ကြည်ကြည်ဌေးက “ကျမတို့ ခရိုင် အဆင့်မှာသွားတက်ရပါတယ်။ ဒီမှာနည်းပြတာဝန်ခံပေါ့။ ကျမတို့နည်းပြ ကိုးဦးထဲမှာမှ နည်းပြတာဝန်ခံနဲ့ ဆောင်ရွက်ပါတယ်။ ဒီးမော့ဆိုမြို့နယ်တစ်မြို့နယ်တည်းအတွက်ပါ လွိုင်ကော်မြို့နယ်မှာ ကျတော့ မြို့နယ် ပေါင်းစုံကလာတက်လို့ ရပါတယ်။ သူ့မြို့နယ်နဲ့သူခွဲလိုက်တဲ့အခါကျတော့ ကျမတို့ ဒီးမော့ဆိုမြို့နယ်မှာ နည်းပြအဖြစ်က ကိုးဦးနဲ့ ကျမတို့ဆောင်ရွက်ပါတယ်” ဟု ဆိုသည်။
သင်တန်းတွင် စာရင်းစစ် စာရင်းကောက်ကို ရောထားပြီးပေးတာဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ်အတွက် စာရင်းစစ် စာရင်းကောက် စုစုပေါင်း ၁၆၈ ဦးကို အခန်းသုံးခန်းဖြစ် တစ်ခန်းကို ဆရာ၊မ သုံးဦးစီပို့ချကြောင်းနှင့်
သင်တန်းတွင် စာရင်းစစ် စာရင်းကောက် အရံ အဖွဲ့အစည်းနှင့် တပ်တို့ပါကြောင်း နည်းပြတာဝန်ခံက ဆိုသည်။
နည်းပြတာဝန်ခံက “ကျမတို့အဓိကသင်သွားတာကတော့ လူဦးရေပေါ့။ လူဦးရေနဲ့ အိမ်အကြောင်းအရာ တွေပေါ့။ နောက်ပိုင်ဆိုင်မှုတွေပေါ့။ ဒါပေမယ့်လည်း ပိုင်ဆိုင်မှုဆိုတာကလည်း ကျမတို့ ပိုင်ဆိုင်မှုကို အခွန်တုတ်နှောင်ဖို့ မဟုတ်ဘူး။ လိုအပ်တာတွေကို ကျမတို့ ပံ့ပိုးနိုင်ဖို့အတွက်ပြောပြတာ ဖြစ်ပါတယ် သင်ကြားတာပို့ချတာ ဖြစ်တာပေါ့နော်။ အဓိကကတော့ လူဦးရေမကျန်အောင် မထပ်အောင် မှန်မှန်ကန်ကန် ရရှိဖို့ ဆောင်ရွက်ပါတယ်” ဟုဆိုသည်။
ဘာသာစကားနှင့် ပတ်သက်ပြီး သင်တန်းစပေးချိန်တွင် ဒေသတွင်းနေထိုင်သော ဘာသာစကားကျွမ်းကျင်သည့် ဆရာ၊မများကိုရွေးထားတာဖြစ်ပြီး ရပ်ရွာထဲတွင်လည်း အုပ်ချုပ်ရေးမှုးနှင့် အထောက်အကူပြအဖွဲ့တွေကို ဖွဲ့စည်းထားပြီးသည့်အတွက် အဆင်ပြေမည်ဟု ထင်ကြောင်း နည်းပြတာဝန်ခံက ဆိုသည်။
စာရင်းကောက်တွင် ပါဝင်သည့် ဦးမီရယ်နိုင်ဦးက “ကျနော်ကျတဲ့ရွာက ကယားရွာပါ ကျနော်ကလည်း ကယားဖြစ်တဲ့အတွက်ကြောင့် ဘာသာစကားအခက်အခဲမရှိနိုင်ဘူးလို့ ထင်ပါတယ်။ လေယူလေသိမ်းနည်း နည်းကွာတာပဲ ရှိပါတယ်” ဟု ဆိုသည်။
သန်းခေါင်စာရင်းကောက်ခြင်းသည် အမျိုးသားရေးတာဝန်တွင် ပါဝင်သည့်အတွက် တာဝန်ကို ကျေကျေပွန်ပွန် ဆောင်ရွက်ကြရန်၊ ကျန်းကျန်းမာမာ ဆောင်ရွက်ကြရန် မှာထားကြောင်းနှင့် ယခုသန်းခေါင်စရင်း ကောက်ခြင်းသည် ယခင် ၁၈၇၃ခုနှစ်တွင် လူကြီးအိမ်၌ စုပြီးကောက်ခဲ့သလိုမဟုတ်ဘဲ တတ်နိုင်သ၍ တစ်အိမ်တက်တစ်အိမ်ဆင်း ရောက်အောင်သွားရောက် ကောက်ယူရန်မှာထားကြောင်း နည်းပြတာဝန်ခံက ဆိုသည်။
ဦးမီရယ်နိုင်ဦးက “ကျနော်တို့ဒီသင်တန်းမတက်ခင်တုန်းက သန်းခေါင်စာရင်းကောက်မယ်ဆိုတာတော့ ကြားတယ်ပေါ့နော်။ ဒါပေမယ့် ၄၁ ချက်မေးခွန်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ ကျနော်တို့ ဒီသင်တန်းပြီးမှ
သိပါတယ်ခင်ဗျ။ တစ်ချက်ချင်းစီ ရှင်းပြတယ် အပိုင်းလိုက်အပိုင်းလိုက် ရှင်းပြတာလည်း ရှိပါတယ် ခင်ဗျ”ဟု ဆိုသည်။
ခြောက်ရက်ကြာပေးခဲ့သည့် စာရင်းစစ် စာရင်းကောက်သင်တန်းမှာ စာအုပ်ထဲမှ မေးခွန်းပုံစံကို လက်တွေ့ မေးမြန်းစေခဲ့ကြောင်း၊ သင်တန်းသားအချင်းချင်းထဲတွင် ဥပမာအနေဖြင့် အပြန်အလှန် မေးမြန်းစေခဲ့ ကြောင်း၊ ရပ်ရွာထဲတွင် ကွင်းဆင်းပြီး လက်တွေ့အဖြစ် ၁၃ အိမ် ကောက်စေခဲ့ကြောင်းနှင့် သန်းခေါင်စာရင်းကောက်ရန် အဆင်သင့်ရှိပြီဖြစ်ကြောင်း နည်းပြတာဝန်ခံက ဆိုသည်။
ဦးမီရယ်နိုင်ဦးက “သင်တန်းတက်ပြီးတော့ သန်းခေါင်စာရင်းကောက်ဖို့ အဆင်သင့်ရှိပါပြီခင်ဗျ” ဟု ဆိုသည်။
ဒီးမော့ဆိုအတွက် ကောက်ကွက် ၁၂၁ကွက်ရှိပြီး စာရင်းစစ် စာရင်းကောက် ၁၆၈ ဦးထဲတွင် အရံအဖြစ် ၈ ဦးထားရှိကြောင်း နည်းပြတာဝန်ခံက ဆိုသည်။
စာရင်းစစ် စာရင်းကောက် သင်တန်းတက်ပြီးသည်နှင့် ဦးမီရယ်နိုင်ဦးက “မတက်ခင်တုန်းကတော့ နည်းနည်း တော့ စိုးရိမ်စိတ်ရှိတာပေါ့နော်။ ဒါပေမယ့် အခုသင်တန်းနည်းပြတွေက ကျနော်တို့ကို အဲစိုးရိမ်စိတ်တွေ ရှင်းပြပေးတဲ့အတွက် ကျနော်တို့လည်း စိုးရိမ်စိတ်မရှိတော့ပါဘူး”ဟု ဆိုသည်။