တရုတ်ပြည်ဘက်သို့ နေ့စဉ် သတ္တုကျောက်ကား ၅၀ စီးထက်မနည်းတင်ပို့နေ

တရုတ်ပြည်ဘက်သို့ နေ့စဉ် သတ္တုကျောက်ကား ၅၀ စီးထက်မနည်းတင်ပို့နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပို်င်း၊ နမ့်ခမ်းမြို့တွင် တရုတ်နိုင်ငံဘက်သို့ နေ့စဉ် သတ္တုကျောက်ကား အစီးရေ ၅၀ စီး ထက်မနည်း တင်ပို့နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

သတ္တုကျောက်များကို  ကားတစ်စီးလျှင်အလေးချိန် ၂၄ တန်မှ ၂၆ တန် အထိတင်ဆောင်ကာ နမ့်ခမ်းမြို့ နောင်မ၊ ကောင်းဝိန်း၊ မန့်နောင်၊ ကုန်းဆာ ကျေးရွာများရှိ ကူးတို့ဆိပ်မှတဆင့် တရုတ်ဘက်သို့တင်ပို့နေကြောင်း  ကူးတို့ဆိပ် ပိုင်ရှင်နှင့်နီးစပ်သော စိုင်းမောင်ကဆိုသည်။

chinese car carring log in muse

“ သတ္တုကျောက်တင်ကားတွေကြောင့် ကျနော်တို့ဒေသတွင်းမှာရှိတဲ့ လမ်းမကြီးအပါအဝင် လမ်းသွယ် လမ်းကြား တွေပါ ပျက်စီးကုန်ပါပြီ၊ မိုးရာသီလည်း  ရောက်လာတော့မယ်ဆိုတော့ လမ်းတွေပိုပျက်စီး မှာပဲစိုးရိမ်မိပါတယ်၊ နေ့ရော ညရော ဖုံမှုန့်တွေ အလိမ်းလိမ်း ကျန်းမာရေးအလွန်ထိခိုက်တယ်” ဟု ၄င်းက ပြောသည်။

 နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုထွက်ရှိရာဒေသများမှာ အရှေ့တောင်ဘက်၌ ပန်ခါးနှင့်မှန်ပြတောင် ကျေးရွာ၊ အနောက်တောင် ဘက်တွင် ပန်မော(၀်) ၊ပန်းဆေး၊ ဟွေ့အို့နှင့် ၁၃ မိုင်စခန်း စသည်တို့ဖြစ်ပါသည်။ အဆိုပါ သတ္တုလုပ်ငန်းများကို မြန်မာ့မြား ဦး၊ ငွေကမ္ဘာကျော်၊စိန်ပဒေသာ၊ ပန်းသစ္စာ၊စွမ်ငင်းခမ်း နှင့် GSM စသော သတ္တု တူးဖော်ရေးကုမ္ပဏီများ ကလုပ်ကိုင်နေ ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းလှုပ်ရှား နေသော လူငယ်  နမ့်ခမ်းဒေသခံ စိုင်းစွမ်ခမ်း က ဆိုသည်။

“ ပန်းသစ္စာ သတ္တုတူးဖော်ရေးကုမ္ပဏီ ပိုင်ရှင်က အမှတ်(၂) မဲဆန္ဒနယ် ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးကျော်မြင့် (ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ ) လေ။ ၁၃ မိုင်သတ္တုတူးဖော်ရေးကုမ္ပဏီ ကတော့ ပလောင်ပြည်သူ့စစ် ခေါင်းဆောင် မိုင်းအောင်ထွန်း ပိုင်တဲ့ဟာပေါ့” ဟု ၄င်းကပြောသည်။

ဒေသအတွင်း ပြည်သူအတွက်ဆိုးကျိုးဖြစ်စေသော စီမံကိန်းလုပ်ငန်းများအားလုံးရပ်တန့်ရေး နမ့်ခမ်းမြို့ရှိ သျှမ်း နိုင်ငံရေး ပါတီ နှစ်ခုဖြစ်သော ကျားခေါင်းပါတီ (SNLD) နှင့်ကျားဖြူပါတီ (SNDP) တို့ ပူးပေါင်းကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သော်လည်း စီမံကိန်းလုပ်ငန်းများ မရပ်တန့်သွားသည့်အပြင် ယခင်ကထက်ပိုပြီး လုပ်ကိုင်နေကြောင်း ဒေသခံများထံမှသိရသည်။

Most read this week