ကဏ္ဍသုံးခုတွင် အဓိကရင်းနှီးမြှုပ်နှံရန် အီးယူကို မြန်မာတိုက်တွန်း

ကဏ္ဍသုံးခုတွင် အဓိကရင်းနှီးမြှုပ်နှံရန် အီးယူကို မြန်မာတိုက်တွန်း
by -
မဇ္ဈိမ

ဥရောပသမဂ္ဂက (အီးယူ) အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများတွင် အဓိကထားရင်းနှီးမြှုပ်နှံရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က တိုက်တွန်း ပြောကြားလိုက်သည်။

နေပြည်တော်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတွင် ယခုလ ၂၁ ရက်က ကျင်းပသည့် အီးယူမြန်မာ ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ပိုမိုများပြားတဲ့ ရင်းနှီးမြှုပ်နှံမှုတွ၊ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် ဖိတ်ခေါ်ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ စိုက်ပျိုးရေး၊ စက်မှု လုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍတွေမှာ အဓိက ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါ တယ်” ဟု ဒေါက်တာကံဇော်က ပြောသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၄၆၂၉ သန်း ရင်းနှီးမြှုပ်နှံထားပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ရှိကာ အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်သည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ယခင်နှစ်အနည်းငယ် စွမ်းအင်ကဏ္ဍ၊ သတ္တုကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍများတွင်သာ အများ ဆုံး ရင်းနှီးမြှုပ်နှံမှု များခဲ့သော်လည်း ယခုနှစ်အနည်းငယ်အတွင်း စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုုပ် ငန်း၊ တယ်လီကွန်းကဏ္ဍ စသည်တို့တွင် များပြားလာနေသည်ဟု ဆိုသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် မိတ်ဖက်နိုင်ငံများအပေါ် ပေးအပ်နိုင်ခဲ့သည့် တစ်ဖက်သတ် ကုန်သွယ်မှု အခွင့်အသားပေး စနစ်ဖြစ်သည့် ကုန်သွယ်မှုကင်းလွတ်ခွင့် အစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် မူလအနေအထားသို့ ပြန်လည် သတ်မှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုအသင်းချုပ်ဥက္ကဌ ဦးဝင်းအောင်က “ မြန်မာနိုင်ငံက လူသားနဲ့ သဘာဝ အရင်းအမြစ်ကို အာရှပို့ကုန်စျေးကွက်မှာ အကန့်အသတ်နဲ့သာ အသုံးချနေရတာက ဥရောပစျေးကွက်ကို ထိုးဖောက်ဖို့ လက်လှမ်းမီလာမယ်” ဟု ဆိုသည်။ “ ဥရောပရင်းနှီးမြှုပ်နှံမှုတွေ မြင့်လာမယ်” ဟုလည်း ဦးဝင်းအောင်က ပြောသည်။

Most read this week