ကယားပြည်နယ်ရှိ ယင်းသလဲလူမျိုးများ လူမျိုးမေးခွန်းဖြေရန် စိတ်အားသန်

ကယားပြည်နယ်ရှိ ယင်းသလဲလူမျိုးများ လူမျိုးမေးခွန်းဖြေရန် စိတ်အားသန်
by -
စူးမလ်

၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မည့်အချိန်တွင် ကယားပြည်နယ် အတွင်း လူဦးရေအနည်းဆုံး ဖြစ်သည့် ယင်းသလဲလူမျိုးများသည် မိမိ လူမျိုးမပပျောက်ရန် လူမျိုးနှင့်သက်ဆိုင်သည့် မေးခွန်းဖြေဆိုရန်
စိတ်အားထက်သန်နေကြောင်း ဘောလခဲမြို့နယ် ကယားပိုင်းအုပ်စု ဥက္ကဌက ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

ဘောလခဲမြို့နယ် ကယားပိုင်းအုပ်စု ဥက္ကဌ ဦးကိုကိုဦး (ခ) ဦးနန့်ရိုင်းက “လူမျိုးဆိုတဲ့ မေးခွန်းမေးတာကောင်းပါ တယ်။ဘာဖြစ်လို့လဲဆိုရင် လူမျိုးတစ်ခုမှာ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာကို သိသင့်တာပေါ့။ ဒီလိုမျိုးမေး တာ ကိုယ့်လူမျိုးကို အမှန်ဖော်ထုတ်နိုင်ဖို့ပဲလေး။ ကိုယ့်လူမျိုးကို အမှန်မဖော်ထုတ်နိုင်ရင် နောက်နောင်ကျရင် ယင်းသလဲလူမျိုးက ရှိတော့မှာမဟုတ်ဘူး။ ယင်းသလဲလူမျိုး ပျောက်သွားမှာစိုးရိမ်မိတယ်။ ဒါကြောင့်လူမျိုး မေးတဲ့အချိန်မှာ အမှန်ဖြေမှာပါ”ဟု ဆိုသည်။

မိမိ မိဘများသည် ယင်းသလဲလူမျိုးဖြစ်၍ မိမိသည်လည်း ယင်းသလဲလူမျိုးဖြစ်ပြီး မိမိ၏သားသမီးများလည်း ယင်းသလဲလူမျိုးဖြစ်ကာ မိမိသားသမီးများသည် အခြားလူမျိုးနှင့် ယူပါက မွေးလာသောသားသမီးများကိုလည်း ယင်းသလဲလူမျိုးဖြစ်စေချင်ကြောင်း ၄င်းကဆက်ဆိုသည်။

“ယင်းသလဲလူမျိုးရဲ့ ရိုးရာဓလေ့ထုံးစံကို ထိန်းသိမ်းမယ်။ ဘယ်တော့မှမပေပျောက်စေရဘူး။ ဒါကြောင့် မေးတဲ့အချိန်မှာ ကိုယ့်ယင်းသလဲလူမျိုးအမှန်ကိုပဲ ထည့်မယ်”ဟု ဘောလခဲမြို့နယ် ကယားပိုင်းအုပ်စု ဥက္ကဌက ဆိုသည်။

ယင်းသလဲလူမျိုးဖြစ်သည့် ဦးဘန့်ရိုင်းက “ကျနော်တို့က ယင်းသလဲလူမျိုးဆိုပေမယ့် အမှန်တော့ ကရင်နီလူမျိုးပဲ ပေါ့။ ကရင်နီလူမျိုးရဲ့ လူမျိုးစုခွဲလေးတွေပေါ့။ ဒါကြောင့်ကျနော်တို့က ယင်းသလဲပဲထည့်မယ်”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

သန်းခေါင်စာရင်းကောက်မည့်အချိန်တွင် လူမျိုးမေးမည့်မေးခွန်းမှာ လုပ်ထုံးလုပ်နည်းအရ မေးသည်ဟု ထင်ကြောင်း၊ မေးမည့်အချိန်တွင်လည်း ယင်းသလဲလူမျိုးသည် မည်မျှနည်းပါစေကာမူ မိမိကိုယ်ကို ယင်းသလဲအဖြစ်သာ ထည့်မည်ဖြစ်ကြောင်းနှင့် မိမိသည် ယင်းသလဲဖြစ်ပြီး ယင်းသလဲဟု မထည့်ပါက မိမိလူမျိုးပျောက်သွားနိုင်ကြောင်း ဦးဘန့်ရိုင်းက ဆိုသည်။

သို့သော် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ဦးဘန့်ရိုင်းက “ကိုယ့်သဘောနဲ့ကိုပါပဲ ယင်းသလဲ လူမျိုး ဆိုပေမယ့် သူက ယင်းသလဲလို့မထည့်ချင်ရင် ထည့်ပါလို့ အတင်းဘယ်ပြောလို့ရမလဲ။ ကယားကိုလည်း ယင်းသလဲထည့်ပါလို့ပြောလို့လည်း မဖြစ်ဘူးပေါ့။ ဒါက သူ့ရဲ့သဘော သူ့ရဲ့ ဆန္ဒပဲ ယူရမှာပေါ့”ဟု ဆိုသည်။

ယင်းသလဲကပြားဖြစ်သည့် ဦးကိုရယ်က “ကျနော်တို့ဟာ ကယားလူမျိုးစုထဲက ယင်းသလဲလူမျိုးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းလူမျိုးက ကယားပဲလေး။ ကျနော်ဆိုရင် အဖေက ကယန်းပါ အမေက ယင်းသလဲ။ မေးလာရင်ကျနော်ဆို ယင်းသလဲပဲဖြေမှာ။ ဘာဖြစ်လို့လဲဆိုတော့ ကယန်းက ယင်းသလဲထက်စာရင် ပိုများတယ်လေး။ ဒါကြောင့် ကျနော်နည်းတဲ့ဖက်ကို ဦးစားပေးမယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

ယင်းသလဲလူမျိုးသည် ကယားပြည်နယ်အတွင်း လူမျိုးစု ၉ခုရှိသည့်အနက် လူဦးရေအနည်းဆုံးဖြစ်ပြီး ယင်းသလဲလူမျိုးများသည် ဘောလခဲမြို့ ကယားပိုင်း၊ ဘောလခဲမြို့နယ်မှ စလဲလုံနှင့် ဖားဆောင်းမြို့နယ်မှ
ဝါအောင်းစသည့်နေရာသုံးနေရာတွေသာ ရှိကြောင်း ဦးကိုရယ်က ဆက်ပြောသည်။

ဦးကိုရယ်က “ယင်းသလဲလူမျိုးက နကိုယ်ကတည်းကနည်းနေတဲ့အတွက် စိုးရိမ်စိတ်မရှိပါဘူး။ စိုးရိမ်လို့လည်း များလာမှာမှ မဟုတ်ဘဲ။ တစ်ခုရှိတာပေါ့လေး နည်းတဲ့ဖက်ကို ဖေးမကူညီတဲ့အနေနဲ့ လူမျိုးမပျောက်သွားအောင် ယင်းသလဲလူမျိုးတွေကို ယင်းသလဲလူမျိုးပါလို့ထည့်စေချင်ပါတယ်”ဟု ဆက်ဆိုသည်။

လူမျိုးဆိုသည့်မေးခွန်းမေးရခြင်းမှာ လူမျိုးနွယ်တစ်ခုချင်း၏ လူဦးရေအကြောင်းအရာကို လေ့လာနိုင်ရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲတွင် မည်သည့်လူမျိုးများနေထိုင်သည် ဘယ်လိုကွဲပြားခြားနားသည်ကိုသိရှိရန် လိုအပ်ကြောင်းနှင့် လူမျိုးမေးခွန်းနှင့်ပတ်သက်၍ မည်သူမဆို မိမိလူမျိုး၏ အမည်ကို ကိုယ်တိုင်ဖော် ထုတ်ပြောခွင့် ပြုထားကြောင်း မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မှ သင်ဘာသိဖို့လိုသလဲဆိုသည့် စာအုပ်တွင်ဖော်ပြထားသည်။