ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့တွင်ဒေသခံများ ညတိုင်းကင်းစောင့်နေရကြောင်း၊ ဝမ်းစာအတွက်အခက်အခဲ ဖြစ်ရသည့် ကြား ကင်းစောင့်ခ တည ၂၅ဝဝ မှ ၄ဝဝဝ အထိ ပေးရသည့်အတွက် လူထုတို့ ငြီးငြူနေကြသည်ဟု သျှမ်းပြည် တောင်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။
ပေါ်မိန်းရပ်ကွက်က အိမ်ထောင်သည် အမျိုးသားတဦးက - “အခုကျနော်အသက် ၃ဝ ကျော်ပြီ ကျနော်လူမှန်း သိစကတည်း က ကျနော်ရဲ့အဖေ ကင်းစောင့် သွားနေရတယ်။ အဖေ မအားတဲ့ခါ အဖေ့ကိုယ်စား ကျနော်ကင်းသွားစောင့်ပေးရတယ်။ အဲဒီ တုန်းကဆို ကျနော် ၁၃ နှစ်လောက်ဘဲရှိသေးတယ်၊ အခုချိန် အထိ ကင်းသွားစောင့်နေရတုန်းဘဲ။ ကင်းစောင့်ပြီးရင်လဲ ငါဘယ် နေ့ပြန်ကျမလဲဆိုတာကို ပြန်စဉ်းစားနေရပြီ။ ကျနော့်အတွက်တော့ မထူးခြားတော့ဘူးဗျာ”- ဟုဆို၏။
မိုးနဲဒေသခံများ ကင်းစောင့်လာရသည်မှာ ဗိုလ်ချုပ်နေဝင်း ခေတ်ကတည်းကဟု ရှေ့မှီနောက်မှီ ဒေသခံတဦး ကလဲ ဆိုပါသည်။
“အရင်တုန်းကတော့ စစ်အာဏာပိုင်တွေက နေ့တယောက် ည နှစ်ယောက် ရွာသားတွေကို ကင်းမစောင့်မနေရ ရွာထိပ် တွေမှာစောင့်ခိုင်းတယ်။ အခုခေတ်မှာတော့အာဏာပိုင်တွေ စောင့်ခိုင်းလား မစောင့်ခိုင်းလားတော့မသိဘူး၊ ရပ်ကွက် ဥက္ကဌ ကတော့မစောင့်မနေရ လမ်းဆုံလမ်းခွတွေမှာ တဲကင်းထိုးပြီးစောင့်ခိုင်းတယ်၊ တကင်း ၅ ယောက်၊ ကျနော်တို့ပေါ်မိန်းရပ် ကွက် မှာဆို ၅ ကင်းတောင်ရှိတယ်”- ဟုဆို၏။
လူစားထိုးဖို့အတွက် တည ၂၅ဝဝ ကျပ်၊ အခါကြီးရက်ကြီး လူစားထိုးရှာရခက်ပါက ၄ဝဝဝ အထိ စျေးတက်ကြောင်း၊ မိသား စုစားဝတ်နေရေးအတွက် ရုန်းကန်နေရချိန် ကင်းသွားစောင့်ရသည့်အလုပ်က စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း၊ တဘက် တွင်လည်း ခြံထွက် ပစ္စည်း အရောင်းအဝယ် မကောင်းသည့်ပြင် စစ်အစိုးရက မိုးနဲမြေဆီလွှာနှင့်မကိုက်ညီသည့် နွေစပါး အတင်း အကျပ်စိုက်ခိုင်းသဖြင့်၊ မျိုးစပါးစျေးကြီးပေးဝယ်နေရကြောင်း ဒေသခံလယ်သမားတဦးကဆိုသည်။
မိုးနဲမြို့တွင် ပေါ်မိန်းရပ်ကွက်၊ နောင်ကျောက်ဝ်၊ နားဟောင်၊ ဥယျာန်၊ လွယ်ဝေ နှင့် ရပ်ကွက်သစ် နောင်ခမ်း ရပ်ကွက်ဟူ၍ ရပ်ကွက် ၅ ခုရှိသည်။ တရပ်ကွက်လျှင်အိမ်ခြေ ရဝ - ၈ဝ ခန့်အုပ်စုငယ်လေး ၄-၅ ခုပြန်ခွဲထားပြီး ထိုအုပ်စု တစုလျှင်အနည်း ဆုံးကင်းတဲ တခုရှိသည်ဟုဆိုပါသည်။ SSA စစ်ကြောင်းဖြတ်သန်းသည် ဟု အာဏာပိုင်တို့ သတင်းကြားပါက နေ့ရောညပါ ကင်းစောင့်ခိုင်း သည်ဟုလည်းဆိုပါသည်။