စစ်တပ်ဗိုလ်ကြီးတစ်ဦး၏ ထိုးနှက်မှုကို မကျေနပ်၍ မွန်ဝန်ကြီးချုပ်ထံ တိုင်စာပို့

စစ်တပ်ဗိုလ်ကြီးတစ်ဦး၏ ထိုးနှက်မှုကို မကျေနပ်၍ မွန်ဝန်ကြီးချုပ်ထံ တိုင်စာပို့
by -
မဇ္ဈိမ

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲ အခြေချ ခလရ (၃၁) တပ်ရေး ဗိုလ်ကြီးတစ်ဦးက ရွာသားတစ်ဦးအား ထိုးနှက်မှုကို မကျေနပ်သည့်အတွက် ထိုးနှက်ခံရသူ၏ သားဖြစ်သူက အရေးယူ ဆောင်ရွက်ပေးပါရန် မတ်လ ၁၈ ရက်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ တိုင်ကြားထားသည်ဟု သားဖြစ်သူ ကိုမိုးမင်းဇော် ကပြောသည်။

“ ကျွန်တော်တို့ အဖေက ဘယ်မှမသွားတတ်၊ မလာတတ်လို့ ကျွန်တော်ကိုယ်တိုင် ဒီအကြောင်းကို ဝန်ကြီးချုပ်ဆီ တင်လိုက်တာ” ဟု ဦးဝင်းအောင်၏ သားဖြစ်သူ အသက် ၂၆ နှစ်ရှိ ကိုမိုးမင်းဇော်က ပြောသည်။

တိုင်ကြားစာတွင် “၁၄-၃-၂၀၁၄ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့် ကျွန်တော်၏ ဖခင်ဖြစ်သူ ဦးဝင်းအောင်သည် ရှင်ပြုဖိတ်စာများ လိုက်ဖိတ်ပြီး ကဗျာဝရွာမှ ခေါဇာသို့အပြန် ဆိုင်ကယ်အား ဖခင်ဦးဝင်းအောင်မှ မောင်းကာ ဆိုင်ကယ်နောက်မှ ဦးမောင်ငယ်အား တင်၍ ပြန်လာစဉ် ရွှေဟင်္သာရွာထိပ်အရောက်တွင် ခေါဇာမြို့၊ ခလရ (၃၁) မှ
တပ်ရေးဗိုလ်ကြီး ဇော်မျိုးထွေးက ဆိုင်ကယ်ကို တား၍ ရပ်ပေးခဲ့စဉ် ၎င်း၏ ရာဘာခြံထဲသို့ ကျွဲများဝင်ရောက်ကြောင်း ပြောရာ ကျွန်တော့်ဖခင်က ထိုကျွဲများမှာ မိမိ၏ ကျွဲများ မဟုတ်ကြောင်းနှင့် ပိုင်ရှင်သိလိုပါက ဖမ်းဆီးပြီး ကြိုးချည်ထားရန် ပြောသည်ကို ဗိုလ်ကြီးဇော်မျိုးထွေးက ရိုင်းစိုင်းစွာ ပြောဆိုပြီး ကျွန်တော်၏ ဖခင် ဦးဝင်းအောင်အား လက်သီးဖြင့် မျက်နှာကို (၇) ချက်ခန့်၊ နားအုံအား (၃) ချက်ခန့်၊ ရင်ဘတ်အား (၂) ချက်ခန့် ထိုးကြိတ်ခဲ့၍ ဖခင်မှာ ပါးစပ်၊ နှာခေါင်းတို့မှ သွေးများ ထွက်ကျ သတိလစ်သွားခဲ့ပါသည်” ဟု ပါရှိသည်။

ယခုကဲ့သို့ ရေးမြို့နယ် တောင်ပိုင်းနေ ဒေသခံပြည်သူတစ်ဦးက ဒေသခံစစ်တပ်က အရာရှိတစ်ဦး၏ လွန်ကျူးမှုအား အစိုးရအဖွဲ့သို့ တိုင်းကြားခြင်းသည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မြောက်ပိုင်းဒေသည် အစိုးရတပ်နှင့် တောတွင်း လက်နက်ကိုင်အဖွဲ့အချို့တို့၏ လှုပ်ရှားရာဒေသ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် နှစ်ဖက်တပ်ဖွဲ့ကြောင့် ဒေသခံများမှာ ရွာမီးရှို့ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုးရွားစွာ ခံစားခဲ့ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ၏ လူ့အခွင့်အရေးမှတ်တမ်းတွင် ဖော်ပြထားသည်။

မဇ္ဈိမ အနေဖြင့် ထိုးနှက်ခံရသူ ဦးဝင်းအောင်အား မတ်လ ၁၈ ရက်က သွားရောက်တွေ့ဆုံစဉ်တွင် ၎င်း၏ မျက်နှာမှာ ညိုမဲနေဆဲ ဖြစ်ပြီး ဒဏ်ရာကို ဒေသခံ ဆေးမှူးများနှင့် ကုသမှု ခံယူနေရဆဲ ဖြစ်သည်ကို တွေ့ရှိရသည််။

ဦးဝင်းအောင် က “ ကျွန်တော့်ကျွဲမှ ဗိုလ်ကြီးခြံကို မဖျက်ဆီးပဲ ကျွန်တော့်ကို ပစ်လို့ ရမလားဆိုတော့ ဒေါပွပြီး ကျွန်တော့်ကို ထိုးတော့တာပဲ။ ကျွန်တော်တို့ ရှိခိုးပြီး တောင်းပန်ပါတယ်။ ဒါပေမဲ့ မရဘူး” ဟု ထိုးနှက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြောသည်။

မတ်လ ၁၆ ရက်နေ့တွင် ခလရ (၃၁) က တပ်ရင်းမှူးနှင့်အတူ ဗိုလ်ကြီး ဇော်မျိုးထွေးက ဖြစ်စဉ်ကို ကျေအေး ပေးပါရန်နှင့် ဆေးကုသမှုအတွက် တပ်ရင်းမှ ဆေးမှူးတစ်ဦးကို စေလွှတ်ပေးမည် ဖြစ်ကြောင်း ဦးဝင်းအောင်အား လာရောက် ညှိနှိုင်းတောင်းပန်ခဲ့သော်လည်း မတ် ၁၈ ရက်အထိ မိမိထံသို့ ဆေးမှူး ရောက်မလာသေးကြောင်း ဦးဝင်းအောင် က ပြောသည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်ကလည်း ဗိုလ်ကြီး ဇော်မျိုးထွေး၏ ရာဘာခြံသို့ ဦးဝင်းအောင်၏ ကျွဲဝင်ရောက်ပြီး မစိုက်ပျိုးမီ ရာဘာပျိုးပင် ရ ပင်ကို ကိုက်ဖြစ်မိခြင်းကြောင့် ဒဏ်ငွေ ငါး သိန်းကျပ် ပေးလျော်ခဲ့ရဘူးသည်ဟု လည်း ဦးဝင်းအောင်က ပြောသည်။

မဇ္ဈိမ အနေနှင့် ခလရ (၃၁) သို့ မေးမြန်းခွင့် ရရန် ကြိုးပမ်းခဲ့သော်လည်း မေးမြန်းခွင့် မရခဲ့ပေ။

Most read this week