ပြည်သူဝန်ပိစေရန် အစိုးရကတစ်ခုပြီးတစ်ခု လုပ်နေပြီလားစဉ်းစားသင့်ဟုဆို

ပြည်သူဝန်ပိစေရန် အစိုးရကတစ်ခုပြီးတစ်ခု လုပ်နေပြီလားစဉ်းစားသင့်ဟုဆို
by -
မဇ္ဈိမ

လာမည့်ဧပြီလ ၁ ရက်မှစ၍ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရန် စီစဉ်ခြင်းအပေါ် လွှတ်တော်ကိုယ်စား လှယ်အများစုက ကန့်ကွက်လျက်ရှိကြရာ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် စန္ဒာမင်းက အစိုးရအဖွဲ့၏ ယခုအစီအစဉ်သည် ပြည်သူအတွက် ၀န်ထုပ်ဝန်ပိုးသာဖြစ်စေကြောင်းနှင့် အစိုးရအဖွဲ့သည် ပြည်သူတို့အား ၀န်ပိစေသည့်ကိစ္စများကို တစ်ခုပြီးတစ်ခု လုပ်နေပြီလားဟု စဉ်းစား သင့်လှသည်ဟု မဇ္ဈိမကို ပြောသည်။

“မီတာခတွေ နည်းနည်းလေးတက်တဲ့အတွက် ကုန်စျေးနှုန်းလည်း အနည်းငယ်ပဲ တက်သွားမယ်လို့ ပြော တယ်။ ဒါ ကျွန်မ လက်မခံပါဘူး။ တက်ထားတာက နှစ်ဆတောင် တက်ထားတာဖြစ်လို့ ကုန်စျေးနှုန်းက လဲ နှစ်ဆတက်သွားမှာပဲ။ ကျွန်မတို့အစိုးရက ပြည်သူတွေကို convenience(အဆင်ပြေ)ဖြစ်စေတဲ့ အစိုး ရလား၊ ပြည်သူတွေကို ၀န်ထုပ်ဝန်ပိုးဖြစ်စေတဲ့ အစိုးရလားဆိုတာ ကျွန်မတို့ စဉ်းစားဆန်းစစ်ဖို့လိုအပ်ပြီ” ဟု ဆိုသည်။

အဆိုပါသဝဏ်လွှာ၌ အိမ်သုံးမီတာတို့သည် ၁၀၀ ယူနစ်အထိ ၃၅ ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ် အထိ ၄၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ်နှုန်း၊ စက်မှုလုပ်ငန်းသုံး မီတာခတို့သည် ၅၀၀ ယူနစ် အထိ ရ၅ ကျပ်နှုန်း၊ ၅၀၀ ယူနစ်မှ ၅၀၀၀ ယူူနစ်အထိ ၁၀၀ ကျပ်၊ ၅,၀၀၁ ယူနစ်မှ ၁၀,၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်နှုန်း၊ ၁၀,၀၀၁ ယူနစ်မှ ၂၀၀,၀၀၀ ယူနစ်အထိ ၁၅၀ ကျပ်စသည့်ဖြင့် ပေးဆောင်ရမည်ဟု ဖော် ပြထားသည်။

ထိုကဲ့သို့သော နှုန်းထားများဖြင့် လစဉ် ကောက်ခံပါက နိုင်ငံတော်က ယခင် ၂၀၁၄ -၂၀၁၅ ခုနှစ်တွင် ကျပ် ၂၈၄ ဘီလီယံခန့် စိုက်ထုတ်အရှုံးခံ သုံးစွဲရခြင်းအစား ၁၂ ဘီလီယံခန့်သာ စိုက်ထုတ်သုံးစွဲရတော့ မည်ဟု ဖော်ပြထားသည်။

ထိုသို့ ယူနစ်များများသုံးလေ မီတာခနှုန်းထားမြင့်လေ ဖြစ်ခြင်းကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ် ဓာတ်အားကို အလျှံပယ်သုံးစွဲမှုမှ ခြိုးခြံချွေတာ သုံးစွဲလာနိုင်မည်ဖြစ်ကြောင်းလည်း သမ္မတ၏သဝဏ်လွှာ တွင် ဖော်ပြပါရှိသည်။

ယင်းအချက်နှင့်ပတ်သက်၍ ဒေါ်စန္ဒာမင်းက “နေပြည်တော်လိုနေရာမျိုးမှာသာ မီးတွေ ထိန်ထိန်လင်း အောင် သုံးနေကြတာ။ ဒါပေမဲ့ နယ်တွေမှာ မီးရတယ်ဆိုတာ “ရကားရ၏” ဆိုတဲ့ အခြေအနေပဲရှိတာ၊ အားလုံးက “ခရမ်းချဉ်သီးမီးနဲ့ပဲ နေနေကြရတာ”ဟု ဝေဖန်ထောက်ပြသည်။

ထို့အတူ ကျောက်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းဆောင်ဆီက “ဒီအတွေးအခေါ်ကိုရော လုပ်ရပ်ကိုပါ မထောက်ခံဘူး။ ဥပမာ- ကြက်ဥတစ်လုံး တစ်ကျပ်ဆိုရင် ဆယ်လုံးကို ကိုးကျပ်ဖြစ်ရမှာပေါ့။
အခုလို များများသုံးလို့ ပိုပေးရတာဆိုရင် လုုပ်ငန်းရှင်က သူ့ပစ္စည်းကို စျေးတင်ရောင်းမှာပဲ။ ပြည်သူတွေ အပေါ်မှာပဲ ၀န်ပိသွားမယ်။ နောက်ပြီး မီတာခတွေမြင့်လို့ ငွေမကုန်အောင် ခြိုးခြံချွေတာလိမ့်မယ်ဆိုတဲ့ ယူဆချက်က လုံးလုံး မှားပါတယ်။ အမှန်ကုန်ထုတ်လုပ်မှုမှာ ချွေတာရမှာ မဟုတ်ဘူး။ တစ်ဦးချင်းအသုံး မှာ လိုအပ်တဲ့အခါ ခြိုးခြံချွေတာဖို့ပဲ လိုတာပါ။ စက်ရုံသုံးမီတာခတွေကို လျှော့ပေးသင့်ပါတယ်”ဟု သုံး သပ်ပြောဆိုသည်။

သမ္မတ၏စာ၌ မီတာခနှုန်းထားများတွင် ယူနစ် ၂၀၀,၀၀၁ နှင့်အထက် သုံးစွဲသော စက်မှုလုပ်ငန်းကြီးတို့ အတွက် ၁၂၅ ကျပ်နှုန်းအထိ ပြန်လျှော့ပေးထားချက်လည်း ပါ၀င်ခဲ့ရာ ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းဦးက “ယူနစ်များလေ စျေးတိုးလာလေဆိုပေမယ့် အခုလို ယူနစ်နှစ်သိန်းကျော်သုံးတဲ့ လုပ်ငန်းတွေ အတွက် စျေးလျှော့ပေးထားတာလဲ ရှိပါတယ်။ စက်မှုလုပ်ငန်းကြီးတွေက နိုင်ငံတော်ကပေးတဲ့မီး နဲ့မလုပ်ဘဲ ကိုယ့်မီးစက်နဲ့ကိုယ် လည်ပတ်ရရင် အခုထက် ခြောက်ဆမက ကုန်ကျနိုင်ပါတယ်။ ဒီလို စဉ်း စားမယ်ဆို ဒီစျေးက မများပါဘူး”ဟု ဝေဖန်ပြောဆိုသည်။

သို့ရာတွင် စက်မှုလုပ်ငန်းများအတွက် ယူနစ်နှစ်သိန်းအထိ သုံးစွဲသော လုပ်ငန်းအား မီတာခ ၁၅၀ ကျပ် နှုန်းသတ်မှတ်ပြီး ယူနစ်နှစ်သိန်းအထက် သုံးစွဲသော လုပ်ငန်းတို့ကို ၁၂၅ ကျပ်နှုန်းသို့ ပြန်လျှော့ချပေးခြင်း မှာ အသေးစား၊ အလတ်စား လုပ်ငန်းငယ်များကို ဖိနှိပ်ရာကျပြီး လုပ်ငန်းကြီးများကို ဖေးမရာရောက်နေ ကြောင်းလည်း ကိုယ်စားလှယ်တို့အကြား ဝေဖန်ပြောဆိုလျက် ရှိကြသည်။