မိုင်းလားအထူး ဒေသ ၄ က အခါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တောင်းဆိုမည်

မိုင်းလားအထူး ဒေသ ၄ က အခါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တောင်းဆိုမည်
by -
သျှမ်းသံတော်ဆင့်

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု၊ သျှမ်းပြည်အရှေ့ပိုင်း (NDAA-ESS) မိုင်းလား အထူးဒေသ ၄ က “အခါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” ကို လက်ရှိအစိုးရထံမှ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

NDAA-ESS မိုင်းလားတပ်ဖွဲ့သည် မိုင်းလားမြို့နယ်၊ မိုင်းယန်းမြို့နယ်က ဆီလူးဒေသနှင့်အနီး တဝိုက်၊ မိုင်းယောင်းမြို့နယ်က နမ့်ပန်းဒေသတို့ကို ထိန်းချုပ်ထားသည်။ မိုင်းလားတပ်ဖွဲ့ထိန်းချုပ် သည့်ဒေသအတွင်း သျှမ်းလူမျိုးက ပထမအများဆုံးဖြစ်ပြီး အခါလူမျိုးက ဒုတိယအများဆုံး နေထိုင်ပါသည်။

map-special-4-mongla1

၁၉၉၃ မှ ၂၀၀၇ ခုနှစ်အထိ စစ်အစိုးရက ပြုလုပ်ကျင်းပခဲ့သည့် အမျိုးသားညီလာခံ၌ ပြည်နယ်ရှိနေ သည့် တိုင်းရင်းသားတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုရန်အခွင့်မရှိကြောင်း၊  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုချင်ပါက အဆိုပါလူမျိုးသည် အနည်းဆုံးမြို့နယ် ၂ မြို့နယ်၌ လူဦးရေအများဆုံးဖြစ်ရမည်ဖြစ် ကြောင်း၊ မြို့နယ် ၂ မြို့နယ်မှာလည်း ထိစပ်ကပ်ရက် ဖြစ်နေရ မည်ဖြစ် ကြောင်း ဥပဒေများချမှတ်ခဲ့သည်။

ထိုဥပဒေအရ သျှမ်းပြည်တွင်း၌ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့်ပန်ဆန်းမြို့နယ်ကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်ကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ရွာငံနှင့် ပင်းတယမြို့နယ်ကို ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်နှင့်မန်တုံမြို့နယ်ကို ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းနှင့်လောက်ကိုင်မြို့နယ်ကို ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် စစ်အစိုးရက သတ်မှတ်ခဲ့သည်။

“အခုအခါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်းမယ်ဆိုတာ စစ်အစိုးရက ချမှတ်ထားတဲ့ဥပဒေနဲ့ ကိုက်ညီရဲ့လား ။ အခါလူမျိုးတွေက မိုင်းလားမြို့နယ်တခုလုံးနဲ့မိုင်းယောင်းမြို့နယ်တခုလုံးမှာ ရှိ နေတာ မဟုတ်ဘူး။ မိုင်းလားမြို့နယ်ထဲကတဝက်နဲ့ မိုင်းယောင်းမြို့နယ်က နမ့်ပန်းဒေသ တဝိုက် မှာဘဲ ရှိနေတာ။ စစ်အစိုးရ ချမှတ်ထားတဲ့မူ၊ ဥပဒေကို လက်ရှိအစိုးရက မပြောင်းရင်တော့ ရဖို့ မလွယ်ဘူး” ဟု စစ်ရေး − နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

မိုင်းလားတပ်ဖွဲ့၏ ဒု−ဥက္ကဋ္ဌဖြစ်သူ ဦးဆန်းပေက “မရမချင်း မလျှော့သော ဇွဲလုံ့လဖြင့် တောင်းဆို သွားမည်” ဟု ပြောဆိုကြောင်း မိုင်းလားတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။